ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံ ဗီတိုအာဏာသုံးပယ်ချ

နယူးယောက်၊ နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံသည် အစ္စရေးနှင့် ဟားမက်စ်ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချလိုက်ကြောင်း သိရသည်။ 

အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲကို ရပ်တန်ရန်ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံငြင်းဆန်ခဲ့ခြင်းအတွက် အမေရိကန်အစိုးရသည် နိုင်ငံတကာ၏ဝေဖန်မှုအောက်ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သော ၁၀ နိုင်ငံတို့ပါဝင်နေပြီး ဖမ်းဆီးထားသူများပြန်လွှတ်ရန်၊ ၁၃ လကြာဖြစ်ပွားနေသောစစ်ပွဲကို အမြဲတမ်းအပစ်အခတ်ရပ်စဲနိုင်ရန် စသောအချက်များပါဝင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်အစိုးရက မဲပေးရန်ငြင်းဆန်မှုနှင့်အတူ ဗီတိုအာဏာသုံးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး ရောဘတ်ဝုဒ်က အပစ်ခတ်ရပ်စဲရေး အစိတ်အပိုင်းအဖြစ် ဖမ်းဆီးထားသူများ ချက်ချင်းပြန်လွှတ်ပေးရေးကို ထောက်ခံသော်လည်း အချို့အချက်များကြောင့် ငြင်းဆန်ပယ်ချ ခဲ့ကြောင်း ပြောသည်။

၎င်းက “ ဒီဆုံးဖြတ်ချက်မူကြမ်းက ဟားမက်စ်အဖွဲ့ကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို လာဖို့မလိုတော့ဘူးဆိုတဲ့ မက်ဆေ့ပေးသလိုဖြစ်ခဲ့တယ်။” ဟု ပြောသည်။

ဂါဇာစစ်ပွဲသည်  လူပေါင်းအနည်းဆုံး ၄၄,၀၀၀ သေဆုံးထားပြီး၊ လူပေါင်းထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေသော မော်လ်တာနိုင်ငံသံအမတ်ကြီးက “ အမေရိကန်နိုင်ငံဟာ ဗီတိုအာဏာသုံးခဲ့တယ်။ ဒီလိုမျိုး ဗီတိုအာဏာသုံးခဲ့တဲ့အ တွက် လုံခြုံရေးကောင်စီဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းဖို့ တာဝန်ရှိနေတာတွေ ပျက်ကွက်သလိုမျိုး ထပ်မံဖြစ်ခဲ့ရတယ်။ အဲဒီအတွက်လည်း စိတ်မကောင်း နောင်တရမိတယ်။ ဆုံးဖြတ်ချက်မူကြမ်းပါစာသားတွေဟာ ဘယ်သူကိုမှ အသာစီးရစေတာမျိုးမရှိခဲ့ဘူး။” ဟု ပြောသည်။

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ယခင်ကလည်း ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံ ဗီတိုအာဏာသုံးပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.