တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၃
အစ္စရေးနိုင်ငံသည် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို အားပေးထောက်ခံခဲ့ကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ဆိုသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အီဂျစ်နှင့် ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပြီး ပြီးခဲ့သောသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အပစ်ခရပ်စဲရေး သဘောတူညီချက်အစီစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ အစ္စရေးနိုင်ငံဟာ အပစ်ခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး သဘောတူညီခဲ့တယ်။ ကျွန်တော်တို့ဟာ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲနိုင်ဖို့ ဟားမက်စ်အဖွဲ့ရဲ့ ကနဦးသဘောတူညီချက်ကိုလည်း လက်ခံရရှိထားတယ်။ ဒါပေမယ့် အပြီးသတ်သဘောတူညီချက်တွေရရှိဖို့နဲ့ လက်မှတ်ရေးထိုးဖို့ကိုတော့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွင် အဆင့်သုံးဆင့် သတ်မှတ်အကောင်ထည်ဖော်ရမည်ဖြစ်ပြီး ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသော အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လွှဲပြောင်းပေးမည်ဆိုလျှင် အစ္စရေးက တိုက်ခိုက်မှုများကို ရက်ပေါင်း ၄၀ ကြာ ရပ်တန့်ထားရမည်ဖြစ်သည်။ အဆိုပါ အပစ်ခတ်ရပ်စဲထားချိန်ကာလအတွင်း အစားစာနှင့် ဆေးဝါးများကို ဂါဇာဒေသကို လွှဲပြောင်းပေးခွင့် ပြန်လည်ခွင့်ပြုရ မည်ဖြစ်ကြောင်း၊ ဟားမက်စ်အုပ်စုကဖမ်းဆီးထားသော အစ္စရေးစစ်သားများနှင့် အစ္စရေးစစ်သားရုပ်အလောင်းများကို အစ္စရေးအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သလိုအစ္စရေးကဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
afr.com
ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအစီအစဉ်ကို အစ္စရေးအစိုးရလက်ခံ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်