တဲလ်အဗစ်၊ မတ် ၃၀
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲအသစ်များ ထပ်မံလုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာတရားရုံးက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ချက်ချင်းပေးပို့ခွင့်ပေးရန် အစ္စရေးနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က ဆွေးနွေးပွဲအသစ်များ ထပ်မံလုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ချက်ချင်းအပစ်ခတ်ရပ်စဲရန် ပြီးခဲ့သောရက်ပိုင်းတွင်တိုက်တွန်းတောင်းဆိုခဲ့သော်လည်း ဂါဇာဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်က “ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးအတွက် ဆွေးနွေးပွဲအသစ်တွေကို ဒိုဟာနဲ့ ကိုင်ရိုမြို့တွေမှာ လာမယ့်ရက်ပိုင်းအတွင်းပြုလုပ်မယ်။ စေ့စပ်ဆွေးနွေးမှုအသစ်တွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးထားပြီးဖြစ်ပါတယ်။” ဟု ပြောသည်။
အစ္စရေးသည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက နိုင်ငံတကာဖိအားများစွာကို ရင်ဆိုင်ခဲ့ရပြီး မဟာမိတ်အမေရိကန်နိုင်ငံနှင့်လည်း သဘောထားကွဲလွဲမှုများဖြစ်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ပြီးခဲ့သောနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် စစ်ပွဲစတင်ခဲ့ပြီးနောက် ဂါဇာဒေသတွင် လူပေါင်းသန်းချီ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်ခဲ့သလို ကျန်းမာရေးစနစ်များလည်း ယိုယွင်းပျက်စီးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက စစ်ပွဲအပစ်ခတ်ရပ်စဲနိုင်ရန် တိုက်တွန်းတောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးဘဲ အမေရိကန်၊ ကာတာ၊ အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးနေဆဲဖြစ်သည်။
အစ္စရေးနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် သဘောထားကွဲလွဲမှုများ ဖြစ်လာခဲ့ပြီးနောက် စေ့စပ်ဆွေးနွေးပွဲအသစ်များ ထပ်မံလုပ်ဆောင်ရန် လိုလားနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အစ္စရေးအစိုးရသည် လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူများအမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် ဖိအားပေးတောင်းဆိုမှုများဖြင့် ရင်ဆိုင်နေရပြီး အကျပ်တည်းများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် စစ်ပွဲစတင်ခဲ့ပြီးနောက် ဒီဇင်ဘာလအတွင်း ယာယီအပစ်ခတ်ရပ်စဲရေး ရယူနိုင်သော်လည်း ယင်းအချိန်နောက်ပိုင်းတည်းက အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် သဘောတူညီမှုမရတော့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲအသစ်များလုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်