ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးကြောင်း ဟားမက်စ်အဖွဲ့ ဆို

ဂါဇာ၊ ဖေဖော်ဝါရီ ၅

အစ္စရေးနိုင်ငံနှင့်ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရေအတွက် နောက်ဆုံးသဘောတူညီချက်များ အပြီးသတ်မဆုံးဖြတ်ရသေး ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေရာ ကာတာ၊ အီဂျစ်နှင့် အမေရိကန်နိုင်ငံတို့က အပစ်ခတ်ရပ်စဲရန် ကြားဝင်ကြိုးပမ်းနေကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သော အိုစမာ ဟမ်ဒန်က အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး အဆိုပြုကမ်းလှမ်းချက်များကို ပြန်လည်သုံး သပ်နေဆဲဖြစ်ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ သဘောထားများကို ကြေညာနိုင်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ပြောသည်။

ဟားမက်စ်အဖွဲ့ ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်ခဲ့သော ကြားဝင်စေ့စပ်ပေးရေးနိုင်ငံများး၏ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး အဆိုပြုချက်များကို လက်ခံရရှိခဲ့ပြီး အစီစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းက “ ကျွန်တော်တို့ရပ်တည်ချက်တွေကို မကြာခင်ကြေညာသွားမယ်။ ကျွန်တော်တို့ပြည်သူတွေ ထိခိုက်နာကျင်ရတဲ့ ကျူးကျော်မှုတွေကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ဆန္ဒကို အခြေခံပြီး ရပ်တည်ချက်တွေကို ကြေညာသွားမယ်။” ဟု ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲ ၄ လနီးပါးကာလအတွင်း သီတင်းပတ်တစ်ပတ်ခန့် ယာယီအပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပြီး ယင်းကာလအတွင်း ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူ သောင်းနှင့်ချီသေဆုံးထားပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အပစ်ခတ်ရပ်စဲရန်တိုက်တွန်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

timesofisrael.com

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးကြောင်း ဟားမက်စ်အဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.