ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အဆိုပြုကမ်းလှမ်းချက်ကို ဟားမက်စ်လက်ခံ

ဂါဇာ၊ မေ ၉

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့စည်းတစ်ခုဖြစ်သော ဟားမက်စ်အုပ်စုသည် အီဂျစ်နှင့် ကာတာနိုင်ငံတို့မှ ကြားဝင်စေ့စပ်ပေးနေသည့် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအဆိုပြုချက်များကို လက်ခံလိုက်ကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသရှိ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် မြို့အတွင်းမှ လူများဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ပြီးနောက်မကြာမီ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အပစ်ခတ်ရပ်စဲရေးကိုလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး အဆိုပြုချက်အသေးစိတ်ကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန် ၇ လကျော်ကြာမြင့်နေပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် အမေရိကန်၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့မှ ကြားဝင်ဆောင်ရွက်နေကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့သည် ဂါဇာစစ်ပွဲကို အမြဲတမ်းအပစ်ခတ်ရပ်စဲထားရန်နှင့် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်အားလုံး ပြန်လည်ရုတ်သိမ်းရန် ယခင်ကအဆိုပြုကမ်းလှမ်းခဲ့ဖူးကြောင်းသိရသည်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဟားမက်စ်အဖွဲ့၏ အဆိုပြုကမ်းလှမ်းချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ရာဖယ်မြို့ကိုတိုက်ခိုက်မည်ဟု တုံ့ပြန်ခဲ့သည်။

အစ္စရေးအစိုးရက ဟားမက်စ်အဖွဲ့အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများလက်မခံလျှင် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ထပ်မံသတိပေးခဲ့သည်။

ကောင်းထက်ငွေ

rt.com/news

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အဆိုပြုကမ်းလှမ်းချက်ကို ဟားမက်စ်လက်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.