တဲလ်အဗစ်၊ မေ ၁၆
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အတွင်း ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း အရပ်သားသေဆုံးမှုအရေအတွက် သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း အ ရပ်သားသေဆုံးမှု အနည်းဆုံးစစ်ပွဲတစ်ခုဖြစ်ကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Avi Hyman အေဗီဟိုင်မန်က ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ၃ သောင်းကျော်ရှိခဲ့သော်လည်း သေဆုံးသူအားလုံး၏ ၁၄,၀၀၀ ကျော်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်ပြီး အခြားသူများက ပြည်သူများဖြစ်ကြောင်း ပြောသည်။
ကုလသမဂ္ဂနှင့် အခြားမီဒီယာများ၏ ဖော်ပြချက်များသည် မှန်ကန်မှုမရှိကြောင်း၊ မှားယွင်းသောအချက်လက်များကိုအခြေခံကာ ပြောဆိုနေခြင်းမျိုးသာဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ၇ လကျော်ကြာနေပြီး၊ လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အစ္စရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ ဟားမက်စ်အုပ်စုဟာ ၎င်းတို့အဖွဲ့ဝင်မဟုတ်တဲ့သူတွေကို လူသားတံတိုင်းအဖြစ် အသုံးချတာတွေလည်းရှိနေတယ်။ အစ္စရေးရဲ့မြို့ပြတိုက်ပွဲတွေမှာ တိုက်ခိုက်မှုနဲ့ သေဆုံးမှုစံနှုန်းဟာ သမိုင်းမှာအရပ်သားသေဆုံးမှုအနည်းဆုံးဖြစ်တယ်။” ဟု ပြောသည်။
ဂါဇာဒေသအာဏာပိုင်များက အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးအားလုံး၏ ၄၀ ရာခိုင်နှုန်းက အမျိုးသားများဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းက အမျိုးသမီးများဖြစ်ကာ ၃၂ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုအရေအတွက်က ၈ ရာခိုင်နှုန်းဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း အစ္စရေးအစိုးရက သေဆုံးသူများထဲတွင် ၅၃ ရာခိုင်နှုန်းက အရပ်သားများဖြစ်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
rt.com/news
ဂါဇာစစ်ပွဲအတွင်း သေဆုံးသူအရေအတွက် သမိုင်းတွင်အနည်းဆုံးဟု အစ္စရေးအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်