တဲအဗစ်၊ မတ် ၁၂
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။
အမေရိကန်သမ္မတက အစ္စရေးနိုင်ငံ၏ ဂါဇာဒေသအပေါ် ပြုလုပ်နေသောစစ်ပွဲက အစ္စရေးနိုင်ငံကို ကာကွယ်ပေးခြင်းထက် ထိခိုက်နာကျင်မှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း ပြောသည်။
အစ္စရေးဝန်ကြီးချုပ်က အမေရိကန်သမ္မတ၏ဆန္ဒကို ဆန့်ကျင့်ကာ ရာဖယ်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သမ္မတက အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏လုပ်ရပ်သည် အစ္စရေးနိုင်ငံကို ကူညီနေခြင်းထက် ပိုမိုထိခိုက်အောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်က “ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘာကိုဆိုလိုချင်သလဲဆိုတာကို ကျွန်တော်မသိဘူး။ ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့ အစ္စရေးအစိုးရရဲ့ မူဝါဒတွေကို ပြည်သူအများစု ထောက်ခံပါတယ်။ အစ္စရေးပြည်သူအများစုရဲ့ဆန္ဒကို ငြင်းဆန်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ အစ္စရေးနိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေမှာဖြစ်ပါတယ်။” ဟုပြောသည်။
အစ္စရေးပြည်သူများသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးတိုင်ဖျက်ဆီးရန် ကြိုးပမ်းမှုများကို ထောက်ခံနေကြောင်း အစ္စရေးဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အလုံးစုံအနိုင်ရချိန်အထိ ဂါဇာစစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောသည်။
မကြာသေးမီကပြုလုပ်ခဲ့သော Israel Hayom သတင်းစာ၏ စစ်တမ်းတွင် ဖမ်းဆီးခံထားရသော အစ္စရေးနိုင်ငံသား ၁၀၀ နီးပါး ပြန်လည်လွှတ်မြောက်ချိန်အထိ ဟားမက်စ်အုပ်စုကို စစ်ရေးအရ ဖိအားပေးခြင်းများ ဆက်လက်လုပ်ကိုင်သင့်ကြောင်း ပြောသည်။
ထိုအပြင် Israel Democracy Institute အဖွဲ့က ပြီးခဲ့သောလအတွင်းက ပြုလုပ်ခဲ့သော စစ်တမ်းတွင် အစ္စရေးနိုင်ငံသား ၆၁ ရာခိုင်နှုန်းက ပါလက်စတိုင်းကို နိုင်ငံအဖြစ်တည် ထောင်ခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ကောင်းထက်ငွေ
thehill.com
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ၏ ပြောဆိုချက်များကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်