ဝါရှင်တန်၊ ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က တိကျသေချာသော ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ မရှိဘူးဆိုလျှင် ဂါဇာစစ်ပွဲက အရှေ့အလယ်ပိုင်းဒေသကို ပျံ့နှံ့ လာဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဂျော်ဒန်၊ ကာတာနိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က “ လက်ရှိအချိန်မှာ စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို တင်းမာမှုအရှိန် မြင့်တက်စေခဲ့တယ်။ စစ်ပွဲက ပိုမိုကျယ်ပြန့်လာမယ် ဆိုရင် မလုံခြုံမှုတွေ၊ ထိခိုက်နာကျင်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးက လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့အပြင် အီရန်နိုင်ငံ ကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့များကို တားဆီးရန် နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကို ဖျက်ဆီးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဂါဇာဒေသတွင် အရပ်သားများ ထိခိုက်နာကျင်ခြင်းများကို ပိုမိုကာကွယ်ပေးရန်၊ ပါလက်စတိုင်းလူမျိုးများကို အိမ်ကိုပြန်ခွင့်ပေးရန်နှင့် ဂါဇာဒေ သမှထွက်ခွာရန် အတင်းအကြပ်ဖိအားပေးခြင်းများ မလုပ်ဆောင်သင့်ကြောင်း ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် ရက်ပေါင်း ၉၀ ကျော်ကြာလာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အဆုံးသတ်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်ပွဲက ဂါဇာဒေသမှတဆင့် အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာများသို့ ကူးစက်ပျံ့နှံ့သွားဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။ လတ်တလောက်တွင် အစ္စရေးနှင့် ဟား မက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုကြားလည်း အပြန်အလှန်ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
#ယနေ့ခေတ်
ဂါဇာစစ်ပွဲကို ကျယ်ပြန့်သောစစ်ပွဲမဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းရန် အရှေ့အလယ်ပိုင်းနိုင်ငံများကို အမေရိကန်အစိုးရ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်