ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ထားရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အမိန့်ပေး

တဲလ်အဗစ်၊ အောက်တိုဘာ ၉

အစ္စရေး ကာကွယ်ရေးဝန်ကြီးသည် ၎င်း၏တပ်ဖွဲ့ဝင်များကို ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ထားရန် အမိန့်ပေးလိုက်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို လေကြောင်းမှ အရှိန်မြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်တွင် ကာကွယ်ရေးဝန်ကြီး ဂယ်လ်လန့်က ယင်းကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းက “ ကျွန်တော်တို့ ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့သွားမယ်။ ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်မီးမပေးဘူး၊ အစားစာ၊ ရေနဲ့ ဓါတ်ငွေ့ အားလုံးမရအောင် လုပ် မယ်။” ဟုပြောသည်။

အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် ဂါဇာဒေသအနီး တောင်ဘက်ပိုင်းရှိ အဖွဲ့အစည်းအားလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဟာမက်စ်လက်နက်ကိုင်အဖွဲ့သည် ဂါဇာဒေသနှင့် အနီးတွင်ရှိနေသော Kibbutz Reim မြို့တွင်ကျင်းပသော ဂီတဖျော်ဖြေပွဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူပေါင်း ၂၅၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို အစ္စရေးလူငယ်များနှင့် နိုင်ငံခြားသားများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးက “ ကျွန်တော်တို့ တိရိစ္ဆာန်တွေနဲ့ တိုက်ခိုက်နေရတာဖြစ်တယ်။ သူတို့လုပ်သလိုမျိုး ပြန်လုပ်မယ်။” ဟု ပြောသည်။

အစ္စရေးစစ်တပ်သည် ဟာမက်စ်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ပါလက်စတိုင်းများရှိနေသော အနောက်ဘက်ကမ်းခြေကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၅၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟာမက်စ်အဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်သေဆုံးသူအရေအတွက် အနည်းဆုံး ၁၂၀၀ နီးပါးရှိနေကြောင်း သိရသည်။

ထိုအပြင် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က “ ဂါဇာဒေသတောင်ဘက်ခြမ်းရှိ လူအဖွဲ့စည်းတွေကို အပြည့်အဝထိန်းချုပ်လိုက်ပါတယ်။ အဲဒီဒေသရဲ့ နေရာ အချို့မှာတော့ အကြမ်းဖက်သမားတွေ ရှိကောင်းရှိနိုင်တယ်။” ဟု ပြောသည်။

အစ္စရေးသည် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုအားလုံးကို ကန့်သတ်နိုင်ရန်အတွက် အနောက်ဘက်ကမ်းခြေဖြတ်သန်းခွင့်နှင့် ဂျေရုဆလင်မြို့ဝန်းကျင် စစ်ဆေး ရေးဂိတ်အားလုံးကို ပိတ်ထားလိုက်ကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေမြောက်ပိုင်းမှ ဂျေရုဆလင်မြို့ကို ချိတ်ဆက်ထားသော အဓိကစစ်ဆေးရေးဂိတ်ဖြစ်သည့် Qalandia နှင့် အနောက်ဘက်ကမ်း ခြေတောင်ပိုင်းမှ ဂျေရုဆလင်မြို့ကို ချိတ်ဆက်ထားသော Bethlehem စစ်ဆေးရေးဂိတ်အားလုံးကို ပိတ်ထားလိုက်ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net

photo: AP

#ယနေ့ခေတ်

ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ထားရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.