ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခု ယာယီပိတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

CDM ဆရာဝန်များကို အလုပ်ခန့်ထားခြင်းနှင့် PDF များကိုထောက်ပံ့ခြင်းကြောင့် ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို ယာယီပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း အစိုးရ အဖွဲ့မှ သိရသည်။

အဆိုပါဆေးရုံများသည် မတ်လမှစတင်ကာ ပိတ်သိမ်းရမည်ဖြစ်ပြီး၊ ရုံးလုပ်ငန်းများကိုမူ ပုံမှန်အတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“ ဂရန်းဟံသာဆေးရုံလည်းပါတယ်။ ဆာကူရာလည်းပါတယ်။ ဆေးရုံကိုးခုပေါ့။ စစ်ဆေးစရာတွေရှိလို့ ခဏပိတ်ထားမယ်။ ရုံးလုပ်ငန်းတွေကတော့ ဆက်လုပ်မှာပေါ့။ ဆေးကုသခွင့်ကတော့ မရဘူးပေါ့။ မတ်လ ၁ ရက်ကနေစပြီးပိတ်မယ်။” ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုကဲ့သို့ ယာယီပိတ်သိမ်းရန်ညွှန်ကြားထားသည့် ဆေးရုံများမှာ ဂရန်းဟံသာဆေးရုံကို တစ်နှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တစ်နှစ်၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင်ဆေးရုံကို နှစ်နှစ်နှင့် ကျန်းမာသုခဆေးခန်း၊ ချမ်းမြေ့ဆေးခန်း၊ မြတ်တော်ဝင်ဆေးခန်းစသည့် ဆေးခန်းသုံးခုကို အပြီးပိတ်ရန်ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဂရန်းဟံသာဆေးရုံနှင့် ဆာကူရာဆေးရုံများက သတင်းအမှားသာဖြစ်ကြောင်း၊ ၂၄ နာရီဝန်ဆောင်မှုပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းတွင်ဖွင့်လှစ်ထားသည့် ပင်လုံ ပုဂ္ဂလိကဆေးရုံကို ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လယာယီပိတ်သိမ်းခဲ့ရသေးသလို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီပိတ်သိမ်းခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – google

#ယနေ့ခေတ်

ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခု ယာယီပိတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.