လပွတ္တာ၊ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသည့် ဂဏန်းအရေပျော့များကို ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေရသဖြင့် ဈေးကောင်းမရဖြစ်နေပြီး ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းရှင်များ ရပ်နားရမည့်အခြေအနေဖြစ်လာကြောင်း လပွတ္တာမြို့နယ်ရှိ ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
လပွတ္တာမြို့နယ်မှ ဂဏန်းအရေပျော့များကို ရန်ကုန်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် အခြားဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပနိုင်ငံများက ဝယ်ယူမမှုရပ်ဆိုင်းခဲ့ပြီး ယနေ့အထိ မတင်ပို့နိုင်သည့်အတွက် ပြည် တွင်းဈေးကွက်တွင်သာ ရောင်းချနေရသည်။
ယခင်က ဂဏန်းအရေပျော့တစ်ကီလိုလျှင် ငွေကျပ် ၁၈,၅၀၀ အထိဈေးရှိခဲ့ရာမှ ယခုအခါ တစ်ကီလိုလျှင် ငွေကျပ် ၈၅၀၀ အထိသာဈေးရရှိကြောင်း ဧရာဝတီတိုင်းမှ ဂဏန်အရေပျော့မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဂဏန်းအရေပျော့တွေကို မတင်ပို့နိုင်တော့ပဲ ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုပဲ အားကိုးနေရတာ။ ပြည်တွင်းဈေးကွက်တစ်ခုထဲကို ကာလရှည်အားကိုးနေရတယ်။ ပြည်တွင်းပေါက်ဈေးနဲ့ပဲ ရောင်းနေရကြာလာတော့ လုပ်ငန်းတွေက ယိမ်းယိုင်လာပါပြီ။ လက်ရှိ ပြည်တွင်းဈေးကွက်က တစ်ကီလိုကိုငွေကျပ် ၈၅၀၀ အထိပဲဈေးရှိတယ်။ ပြည်ပဈေးကွက်ကလည်း ပြန်ပြီးအားကောင်းလာဖို့ အလားအလာမရှိသေးတော့ ဒီအတိုင်းဆက်သွားနေရင် ဂဏန်းအရေပျော့မွေးမြူတဲ့လုပ်ငန်းဟာ ရပ်ပစ်ရတဲ့အထိဖြစ်ဖို့ သေချာနေတယ်။ တကယ်လို့ လုပ်ငန်းတွေရပ်လိုက်ရရင် ကိုယ့်အပါအဝင် ကိုယ့်ကိုမှီခိုနေတဲ့သူတွေအကုန် ဒုက္ခရောက်ကုန်မှာ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
အဆိုပါ ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းများ ရပ်နားသွားပါက ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းရှင်များနည်းတူ ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းကို မှီခိုနေရသည့်လုပ်သား ပျမ်းမျှဦးရေ ၃၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ဖြစ်သွားနိုင်ကြောင်း ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းရှင် နောက်တစ်ဦးက ပြောသည်။
“ဂဏန်းအရေပျော့ထုတ်လုပ်တဲ့အခါ ကျွန်တော်တို့လုပ်သားတွေက အဓိကဖြစ်ပါတယ်။ ကျွန်တော်က အမြဲစောင့်ကြည့်ထုတ်လုပ်ပေးရတာပါ။ ကျွန်တော်တို့က မွေးမြူရေးလုပ်ငန်းရှင်တွေကိုမှီခိုနေရသလို မွေးမြူရေးလုပ်ငန်းရှင်တွေကလည်း ကျွန်တော်တို့ကိုမှီခိုရတာပါ။ ဒါပေမယ့် လက်ရှိဂဏန်းအရေပျော့ဈေးကွက်က တစ်နေ့တခြား မကောင်းဖြစ်လာတော့ သူတို့လည်း မနည်းရှေ့ဆက်နေရတယ်။ ကျွန်တော်တို့လည်း အဆင်မပြေဖြစ်နေရတာ။ လုံးဝရပ်သွားရင် ငတ်ဖို့သာရှိတော့တယ်။” ဟု ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းမှ လုပ် သားတစ်ဦးက ပြောသည်။
အဆိုပါ ဂဏန်းအရေပျော့များကို မွေးမြူရေးကန်များတွင် အလုပ်သမားများဖြင့်စောင့်ကြည့်ပြီး ကဏန်းပျော့အဖြစ် အရည်ခွံလဲချိန်တွင်ဆယ်ယူကာ စနစ်တကျသန့်စင်ပြီး လိုအပ်သည့်ပမာဏကို ထုတ်ပိုးတင်ပို့ရောင်းချခြင်းဖြစ်သည်။
ဂဏန်းမွေးမြူရေးကန်တစ်လျှင် လုပ်သားအနည်းဆုံး ၂၅ ဦးအထိ ငှားရမ်းလုပ်ဆောင်ရပြီး လုပ်သားတစ်ဦးလျှင် တစ်လငွေကျပ် ၁၂၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ လုပ်အားခပေးရ ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
ဂဏန်းအရေပျော့များ ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရသဖြင့် လုပ်ငန်းများရပ်ရမည့်အခြေအနေဖြစ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်