စင်ကာပူ၊ ဇွန် ၃
ထိုင်ဝမ်ခွဲထွက်ရေးသမားများနှင့် အင်အားသုံးလိုသော လုပ်ရပ်များကြောင့် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံကြား ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်မည့်အလားလာ ပျက်ယွင်းရဖွယ်ရှိနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်က စင်ကာပူနိုင်ငံမှာကျင်းပသော ရှန်ဂရီလာအစည်းဝေးအတွင်း ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။
ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုအရှိန်ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်ကိုလွှတ်လပ်ရေးရယူနိုင်ရန် ဘယ်တော့မှခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
တရုတ်အစိုးရသည် ထိုင်ဝမ်သမ္မတအသစ် လိုင်ချန်တီကို ခွဲထွက်ရေးသမားအဖြစ် ဝေဖန်တိုက်ခိုက်ထားပြီး ထိုင်ဝမ်အရေးက တရုတ်နိုင်ငံ၏အဓိကပြသာနာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးကပြောသည်။
၎င်းက “ ထိုင်ဝမ်ခွဲထွက်ရေးသမားတွေဟာ တရုတ်နိုင်ငံကို သစ္စာဖောက်မယ့်လုပ်ရပ်တွေကို ပြသနေခဲ့တယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းဖို့ ကတိပြုထားတယ်။ ဒါပေမယ့် ထိုင်ဝမ်ခွဲထွက်ရေးသမားအုပ်စုတွေနဲ့ ပြည်ပနိုင်ငံအချို့ က ထိုင်ဝမ်လွှတ်လပ်ရေးရယူဖို့ အရှိန်မြင့်လုပ်ဆောင်လာခဲ့တယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်လွှတ်လပ်ရေးရယူမယ့်လုပ်ရပ်များကို ဟန့်တားသွားမှာဖြစ်တယ်။ အဲဒီလုပ်ရပ်တွေ ဘယ်တော့မှအောင်မြင်အောင် မလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းမယ်။ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို အဓိကထားလုပ်ဆောင်မယ်။” ဟု ပြောသည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံလက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေရာ ပြီးခဲ့သောနှစ်ပိုင်းအတွင်း တရုတ်နှင့် ထိုင်ဝမ်ကြားတင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် တရုတ်ကျွန်းဝန်းကျင်နားကို စစ်သင်္ဘောများစေလွှတ်ခြင်း၊ တိုက်လေယာဉ်များစေလွှတ်ခြင်းများလုပ်ဆောင်ကာ ခြိမ်းခြောက်မှုများရှိနေခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။
ကောင်းထက်ငွေ
channelnewsasia.com/east-asia
ခွဲထွက်ရေးသမားများကြောင့် ထိုင်ဝမ်နှင့်တရုတ် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ပျက်ယွင်းရဖွယ်ရှိနေဟု တရုတ်စစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်