ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄)ကို ကြမ်းခင်းဈေး ၂၉၇ ဘီလီယံဖြင့် ထပ်မံဈေးလျှော့ကာ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချလိုက်ကြောင်း သိရသည်။
ခြံအမှတ်(၅၄)ကို ဦးအောင်ဆန်းဦးဘက်က တင်ပြထားသောဈေးနှုန်းထက် ခုနစ်ဘီလီယံတိုးမြှင့်ပြီး လေလံတင်ရန် ကမာရွတ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ခြံအမှတ်(၅၄)ဟာ မိဘပိုင်အမွေဆိုင်အိမ်ဖြစ်ပါတယ်။ အိမ်နဲ့ခြံကို ပထမကျပ်ငွေ ၃၁၅ ဘီလီယံနဲ့တစ်ကြိမ်၊ ဒုတိယအကြိမ်မှာ ၃၀၀ ဘီလီယံနဲ့တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲဝယ်ယူသူ မရှိခဲ့ပါဘူး။ ဒါကြောင့် ၂၉၀ ဘီလီယံနဲ့ ဈေးလျှော့ပြီးလေလံတင်ဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက တင်ပြထားပါတယ်။” ဟု ကမာရွတ်ခရိုင်တရားရုံးမှ စာရေးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ခြံအမှတ်(၅၄) လေလံတင်ရောင်းချပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အဆိုပါခြံအရှေ့၌ ပြုလုပ်မည်ဖြစ်ပြီး လေလံမတင်မီ သတင်းစာများတွင်ထည့်သွင်းကြော်ငြာရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောငိး တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။
လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသေးခြင်းကြောင့် တရားပြိုင်ရှေ့နေများက တရားရုံးတွင် တောက်လျှောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ယနေ့ခေတ်
ခြံအမှတ်(၅၄)ကို ဈေးလျှော့လေလံတင်ရန် ကမာရွတ်တရားရုံးဆုံးဖြတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်