ခြောက်လထက်ကျော်လွန်၍ ဒေါ်လာကိုင်ဆောင်ထားပါက အရေးယူမည်ဟု ဗဟိုဘဏ် သတိပေး

ရန်ကုန်၊ ဩဂုတ် ၂၁

ခြောက်လထက်ကျော်လွန်၍ အသုံးမပြုဘဲ ကိုင်ဆောင်ထားသော ဒေါ်လာများကို ဘဏ်များတွင်ပြန်ရောင်းရန်နှင့် ဆက်လက်ကိုင်ဆောင်ထားပါက အရေးယူမည်ဟု ဗဟိုဘဏ်က သတိပေးချက် ယနေ့ထုတ်ပြန်သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထုတ် ပြန်ထားသည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၁၅ တွင် ပြည်တွင်း၌ နေထိုင်သူတစ်ဦး သည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ် လာ တစ်သောင်းအထိ သို့မဟုတ် ယင်းနှင့်ညီမျှသည့်ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိကြောင်း၊ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံ တွင် စျေးကွက်ပေါက်စျေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဟု အတိအလင်းဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကိုတွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဟု ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အပေါ် ရန်ကုန်မြို့၌ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “ ဒေါ်လာစျေးတက်အောင် လုပ်တဲ့သူတွေထဲမှာ ဒေါ်လာများများကိုင်ထားတဲ့ သူတွေ လည်းပါတယ်ဆိုပြီး ဗဟိုဘဏ်က ဒေါ်လာကိုင်ထားတဲ့သူတွေကို ပြန်ရောင်းခိုင်းနေတာ။ ဒါ အရင်ကလည်းထုတ်ပြန်ထားတယ်။ အခုက ထပ်ပြီးသတိပေးနေတာ။ ဗဟိုဘဏ်က ဒေါ် လာကိုင်ထားတဲ့သူတွေကို ဘယ်လောက်အထိ စိစစ်အရေးယူနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။

အလားတူ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲနှုန်း ၂၁၀၀ ကျပ်ဖြင့် ဘဏ်များတွင် ပြန်လည်ရောင်းချရန် ပြီးခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ထားသည်။

လက်ရှိ ပြင်ပငွေလဲလှယ်ရေးစျေးကွက်၌ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တရိပ်ရိပ်မြင့်တက်လျက်ရှိနေကာ တစ်ဒေါ်လာလျှင် လေးထောင်ကျပ်နီးပါးသို့ ရောက်ရှိနေ၍ ဗဟိုဘဏ်က ပြင်ပ၌ဒေါ်လာရောင်းချသူများကို အရေးယူမည်ဟု ထုတ်ပြန်လျက်ရှိသည်။

မောင်ဇော်

Photo – Google

#ယနေ့ခေတ်

ခြောက်လထက်ကျော်လွန်၍ ဒေါ်လာကိုင်ဆောင်ထားပါက အရေးယူမည်ဟု ဗဟိုဘဏ် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.