ခြောက်လကျော်အတွင်း လာအိုသံအမတ်ကြီးနေရာအား နှစ်ကြိမ်အပြောင်းအလဲပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအား အပြောင်းအလဲပြုလုပ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် သတင်းဖော်ပြချက်အရ သိရသည်။

နစကဥက္ကဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲ အပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၁၆ ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးမြတ်သက်ဦးအား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ခြောက်လကျော်အကြာတွင် အပြောင်းအလဲ ထပ်မံပြုလုပ်ခဲ့ခြင်းဟု သိရသည်။

“ ဦးမြတ်သက်ဦးက တိုင်းမှူးကနေ လာအိုသံအမတ်ကြီးအဖြစ်ပြောင်းရွေ့ခံရတာ မကြာသေးဘူး။ ပြီးခဲ့တဲ့လတွေထဲက လာအိုကနေ သူ့ကို ပြန်ခေါ်ပြီး စစ်ရုံးမှာ စစ်ဆေးနေတယ် ဆိုတဲ့သတင်းတွေ ထွက်လာသေးတယ်။ အခုမှ အပြောင်းအလဲလုပ်လိုက်တာ။” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့စဉ်က ကိစ္စများနှင့်ပတ်သတ်၍ ဦးမြတ်သက်ဦးအား ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ သော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးမြတ်သက်ဦးမှာ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း တိုင်းမှူးတာဝန်မှ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးအပြောင်းအလဲ ပြုလုပ်ခံရသူဖြစ်ကာ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက ထိုရာထူးမှ ဖယ်ရှားခံရပြီးနောက်၊ လာအိုသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

ယခင်က လာအိုသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စစ်ဘက်အရာရှိဟောင်း ဦးကိုကိုနိုင်မှာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ခဲ့၍ ၄င်း၏ နေရာအား ဦးမြတ်သက်ဦးအား ပြောင်းလဲခန့်အပ်ခဲ့ရာမှ ခြောက်လကျော်ကာလအတွင်း ဦးအောင်ကိုအား ထပ်မံ၍ပြောင်းလဲခန့်အပ်ခြင်းဟု သိရသည်။

လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းက လာအိုနိုင်ငံမှခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်မှာ နေပြည်တော်သို့လာရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်ဇော်

ဓာတ်ပုံ – MOI ပုံစာ- လာအိုသံအမတ်ကြီးဟောင်း ဦးမြတ်သက်ဦးအား တွေ့ရစဉ်

ယနေ့ခေတ်

ခြောက်လကျော်အတွင်း လာအိုသံအမတ်ကြီးနေရာအား နှစ်ကြိမ်အပြောင်းအလဲပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.