ချောင်းသာမြို့တွင် ဘိလပ်မြေကားတိမ်းမှောက် နှစ်ဦးသေဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရ

ပုသိမ်၊ မတ် ၈

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ လမ်းမကြီးပေါ် တွင် မတ် ၇ ရက်က ဘိလပ်မြေတင်သည့်ကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုကြောင့် ကားပေါ်လိုက်ပါလာသူနှစ်ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ချောင်သာမြို့ လမ်းမပေါ်၌ မတ် ၇ ရက်၊ ည ၆ နာရီကျော်က ကလေးငယ်နှင့် အမျိုးသမီးများကို လမ်းကြုံတင်လာသည့် ဘိလပ်မြေကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ကလေးတစ်ဦး၊ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

“ဘိလပ်မြေကားနဲ့ ပါလာတဲ့သူတွေက လမ်းကြုံလိုက်လာတာပါ။ ဘိလပ်မြေကားက ချောင်းသာမြို့အဝင်မှာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်တာ အရှိန်များပြီး ဘရိတ်ပေါက်သွားကာ လမ်းလယ်ကျွန်းပေါ်မှာ မှောက်သွားတာပါ။ အားလုံးက ဘိလပ်မြေနဲ့ပိသွားတာ။ ပုသိမ်ဆေးရုံပို့နေရင်းမှာ အမျိုးသားတစ်ယောက်သေတယ်။ ဒီမနက်မှာတော့ ပုသိမ်ဆေးရုံမှာပဲအမျိုးသမီးတစ်ယောက် ထပ်သေတယ်။ ကျ‌န်တဲ့အခြေအနေ စိုးရိမ်ရတဲ့သူတွေလည်းများတယ်။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာကို ပါရမီ နာရေးကူညီမှုအသင်း၊ ဓမ္မပါလ လူမှုကူညီရေးအသင်း၊ ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ချောင်းသာမီးသတ်တပ်ဖွဲ့တို့သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲက ၁၀ ဦးကို ချောင်းသာမြို့၊ ချောင်းသာဆေးရုံ၊ လူနာ ၆ ဦးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးထားရကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ-CJ

ယနေ့ခေတ်

ချောင်းသာမြို့တွင် ဘိလပ်မြေကားတိမ်းမှောက် နှစ်ဦးသေဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.