ရန်ကုန်၊ ဒီဇင်ဘာ ၂၇
နှစ်သစ်ကူးရုံးပိတ်ရက်ရှည်အတွက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ်နှင့် တည်းခိုခန်းများတွင် Booking ပြည့်နေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက်ရှည်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိဖြစ်ပြီး ကမ်းခြေခရီးစဉ်ကို အများဆုံးသွားရောက်ကြကြောင်း သိရသည်။
“အခန်းမေးကြည့်တာ တစ်ခုမှမရတော့ဘူး။ ရတဲ့အခန်းကလည်း ဈေးကနှစ်ဆလောက်မြင့်နေတယ်။ ၁ ရက်နေ့ထိ လူပြည့်နေပြီတဲ့။ ကမ်းခြေကတော့ အသွားများကြတယ်။ ဈေးလည်းအသင့်အတင့်ရှိတော့ သွားကြတယ်။ အခါကြီးရက်ကြီးဆို ဈေးကတော့ ပုံမှန်ထက်များတယ်။” ဟု ပြည်တွင်းခရီးသွားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ငွေဆောင်နှင့် ချောင်းသာကမ်းခြေသည် ပြည်တွင်းပြည်ပခရီးသွား အများဆုံးလာရောက်လည်ပတ်သည့် ကမ်းခြေများဖြစ်ပြီး ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃၉ လုံးနှင့် တည်ခိုခန်း ၅၉ လုံးရှိကာ၊ ငွေဆောင်ကမ်းခြတွင် ဟိုတယ် ၃၃ လုံးနှင့် တည်ခိုခန်း ၄၆ လုံးအထိရှိကြောင်း သိရသည်။
ထို့အပြင် ကမ်းခြေခရီးစဉ်များနှင့်ဆက်စပ်ပြီး ဆင်စခန်း၊ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စသည့်နေရာများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – ယနေခေတ်
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ်နှင့် တည်းခိုခန်း ကြိုတင်မှာယူများပြည့်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်