ရန်ကုန်၊ ဇွန် ၁၁
ကရင်ပြည်နယ်၊ မြဝတီ- ဝေါလေကားလမ်းပေါ်တွင်တည်ရှိသည့် မယ်ထော်သလေးရွာအဝင် ချောင်းကူးတံတားသည် ရက်ဆက်မိုးရွာသွန်းမှုများပြီး ချောင်းရေတိုက်စားမှုကြောင့် ပြိုကျသွားသဖြင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုများပြားခဲ့ပြီး ချောင်းရေပါတိုက်စားလာခြင်းကြောင့် ဝေါလေကားလမ်းပေါ်တွင်ရှိသည့် ကွန်ကရစ်တံတား ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရက်ဆက်မိုးရွာတာနဲ့ ရေတိုက်စားလို့ပြိုကျတာ။ လက်ရှိ ကျိုးကျသွားတဲ့တံတားကလည်း မြဝတီ-ဝေါလေလမ်းမကြီးအတွက် အရေးပါတဲ့တံတားတစ်စင်းဖြစ်တယ်။ အခုလို ပြိုကျပျက်စီးသွားလို့ ခရီးသွားယာဉ်တွေ ပိတ်မိနေတယ်။” ဟု ၎င်းကဆက်ပြောသည်။
လတ်တလောတွင် သစ်ချောင်းလေးများအသုံးပြု ကာယာယီတံတားထိုးပြီး လူများဖြတ်သန်းကူးနိုင်သော်လည်း မော်တော်ယာဉ်များ ပိတ်မိနေကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရသည့် မထော်သလေးတံတားသည် မြဝတီတောင်ဘက်က မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ လေ့ကေကော်၊ မင်းလက်ပန်၊ ရသေ့ဂူ၊ ကျောက်ခတ်၊ ဆုံဆည်း မြိုင်၊ ဝေါလေမြိုင်မြို့၊ စုကလီကျေးရွာများကို ဖြတ်သန်းသွားလာရသော အဓိကလမ်းပိုင်းဖြစ်ကြောင်း သိရသည်။
ခန့်ခန့်
Photo – CJ
ပုံစာ – မယ်ထော်သလေးရွာအဝင် တံတား ကျိုးကျပျက်စီးနေပုံ
ချောင်းရေတိုက်စားမှုကြောင့် မြဝတီ-ဝေါလေကားလမ်းပေါ်ရှိ မယ်ထော်သလေးရွာအဝင် တံတားပြိုကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်