ချောင်းနှစ်ခွတိုက်ပွဲ ပြင်းထန်မှုကြောင့် ဒေသခံနှစ်သောင်းနီးပါး စစ်ရှောင်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီး၌ တိုက်ပွဲပြင်းထန်မှုကြောင့် ယခုရက်ပိုင်းတွင် ဒေသခံနှစ်သောင်းနီးပါး စစ်ရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်ကူ ညီသူများထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်မှစ၍ ချောင်းနှစ်ခွကျေးရွာအနီး၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် တောင်ကလေး၊ ကြံတော၊ မီးသွေးကုန်း၊ ချောင်းနှစ်ခွ၊ ကော့ဒွန်း၊ ပေသီကုန်း၊ မယ်တရို၊ ထရံ၊ လှာကဇိုင်း စသည့်ကျေးရွာများမှ ဒေသခံနှစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြောင်း သိရသည်။

“ ချောင်းနှခွရွာရဲစခန်းနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်တာလေးရက်လောက် ရှိပြီ။ လက်နက်ကြီးနဲ့ ပစ်တာတွေရော၊ တိုက်ပွဲပြင်းထန်တာကြောင့် ချောင်းနှစ်ခွရွာအနားက ဒေသခံ အားလုံးနီးပါး စစ်ရှောင်နေရတာ။” ဟု ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ရှောင်များမှာ ကျိုက်မရောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောက်လျက်ရှိပြီး လတ်တလော စားသောက်ရေးအခက်အခဲများ ကြုံ တွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီး၌ နစကတပ်များနှင့် KNU , PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား ခဲ့သည်။ တိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၈ ရက်က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကိုဆက်သွယ်ရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်သည့် ချောင်းနှစ်ခွတံတား ကျိုးကျပျက် စီးခဲ့ပြီး လက်နက်ကိုင်ပူးပေါင်းအဖွဲ့က အဆိုပါနေရာအား ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယခုရက်ပိုင်းတွင် ထိုနေရာအား နစကစစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ရာမှ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ဒီဇင်ဘာ ၃၀ ရက် နံနက်တွင် ချောင်း နှစ်ခွကျေးရွာအနီးရှိ နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။ တိုက်ပွဲများကြောင့် ယနေ့အထိ ဒေသခံသောင်းချီ၍ စစ် ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင့်ငါးရာကျော် စစ်ရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ချောင်းနှစ်ခွတိုက်ပွဲ ပြင်းထန်မှုကြောင့် ဒေသခံနှစ်သောင်းနီးပါး စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.