ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က နေအိမ်တစ်လုံး ဝါယာရှော့ဖြစ်ရာမှ အိမ် ၁၇ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှာ နေအိမ်တစ်လုံး ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာကနေ နေအိမ် ၁၇ လုံး မီးလောင်ကျွမ်းမှုဖြစ်သွားပါတယ်။ မီးကူးစက်လောင်ကျွမ်းတာတွေများတာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက ဝိုင်းငြှိမ်းခဲ့ကြပါတယ်။ မီးလောင်ကျွမ်းရာမှာ လူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ကားသွားသည့်လမ်းများ ကျဉ်းမြောင်းခြင်းကြောင့် မီးသတ်ကားများ အချိန်မီဝင်မရဘဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံဆွေ့ခဲ့ရကြောင်း ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သိရသည်။
ထို့ပြင် မီးလောင်မှုဖြစ်ပွားရာ ဝိုင်းဝန်းကူညီခဲ့သည့် ကျေးရွာနေအမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် မော်လမြိုင်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုတွင် ဖြစ်စဥ်အတွင်း နေအိမ် ၁၇ လုံးနှင့် ငွေကျပ် သိန်း ၁၀၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
Photo: CJ
ချောင်းဆုံမြို့နယ်တွင် ဝါယာရှော့ဖြစ်ရာမှ အိမ် ၁၇ လုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်