ရန်ကုန်၊ နိုဝင်ဘာ ၃၀
မကွေးတိုင်း၊ ချောက်မြို့နယ် စည်ပင်ဥက္ကဌသည် ယမန်နေ့က ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် လမ်း၌ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၃ နာရီခွဲက ချောက်မြို့နယ် စည်ပင်ဥက္ကဌ ဦးသန့်ဇင်ဦးမှာ စည်ပင်ရုံးမှနေအိမ်သို့ ဆိုင်ကယ်စီးကာပြန်လာစဉ် အမှတ် (၉) ကင်းမွန်းခြုံရပ်၊ လျှပ်စစ်ပစ္စည်းဆိုင်ရှေ့ အရောက်တွင် သူ၏အနောက်မှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း သိရသည်။
“ သူက စည်ပင်ရုံးကနေ အိမ်ကို ဆိုင်ကယ်နဲ့ပြန်နေတုန်း လမ်းမှာ သူ့နောက်က ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသားတစ်ဦးက အနီးကပ်သေနတ်နဲ့ နှစ်ချက်ပစ်ပြီး ထွက်ပြေးသွား တယ်လို့ သိရတယ်။ သူကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးသန့်ဇင်ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် နေရာမှာပင် သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ သေဆုံး သူအား မည်သူက၊ မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရပေ။
အလားတူ စက်တင်ဘာ ၁၈ ရက်ကလည်း ချောက်မြို့နယ် စည်ပင်ရုံးသို့ အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံအတွင်းရှိနေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ချောက်မြို့နယ် စည်ပင်ဥက္ကဌ ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်