ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်တွင် ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ချင်းပြည်နယ်ရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း အစရှိသည့်မြို့နယ်များတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ကလေးမြို့နယ်မှတဆင့် ချင်းပြည်နယ်သို့တင်သွင်းလာသည့် ကုန်စည်များကို သြဂုတ်လ ၂၀ ရက်မှစတင်ကာ ကုန်စည်သယ်ယူခွင့် ခေတ္တပိတ်ထားကြောင်း သိရသည်။
“ အခြေခံစားသောက်ကုန်ကအစ မိမိဝယ်ယူချင်တဲ့ကုန်ပစ္စည်းတွေ စျေးဆိုင်တွေမှာ ပြတ်လပ်မှုဖြစ်ပေါ်နေပါတယ်။ အချို့ဝယ်လို့ရတဲ့ဆိုင်တွေမှာ နှစ်ဆ၊ သုံးဆခန့် စျေးနှုန်းမြင့်တင်ရောင်းချနေကြပါတယ်။” ဟု ချင်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီအပါအဝင် အခြေခံစားသောက်ကုန်များ ရှားပါးပြတ်လပ်လာသည့်အတွက် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း သိရသည်။
ချင်းပြည်နယ်တွင် နေ့စဉ်လူသုံးကုန်များဖြစ်သည့် အခြေခံစားသောက်ကုန်စျေးကွက်တွင် ယခင်က အိုင်အိုဒင်းဆားတစ်ထုတ် ၆၀၀၀ ကျပ်၊ ယခု ၁၀,၀၀၀ ဖြစ်ပြီး၊ ငပိတစ်ပိဿာ ယခင် ၇၀၀၀ ကျပ်မှ ယခု ၁၃,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကြက်သွန်နီတစ်ပိဿာ ယခင် ၇၀၀၀ ကျပ်မှ ယခု ၁၃,၅၀၀ ကျပ်၊ ယခင် အာလူးတစ်ပိဿာ ၉၀၀၀ ကျပ်မှ ယခု ၁၅,၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ယခင် ၇၀၀၀ ကျပ်မှ ယခု ၁၂,၀၀၀ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ ယခင် ၁၀,၀၀၀ ကျပ်မှ ယခု ၁၅,၅၀၀ ကျပ်၊ အသားတစ်ပိဿာ ယခင် ၂၈,၀၀၀ ကျပ် ယခု ၃၅,၀၀၀ ကျပ်၊ ခရမ်းသီးတစ်ပိဿာ ၇၀၀၀ ကျပ်မှ ယခု ၁၂,၅၀၀ ကျပ်၊ ဆန်တစ်အိတ် ယခင် ၉၀,၀၀၀ ကျပ်၊ ယခု ၁၅,၀၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ယခင် ၆၀၀၀ ကျပ်မှ ယခု ၁၀,၀၀၀ ကျပ်အထိ အသီးသီးမြင့်တက်လာခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ချင်းပြည်နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ အဆမတန်ဈေးနှုန်းမြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်