ရန်ကုန်၊ သြဂုတ် ၂၄
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်၌ ယခုသုံးပတ်အတွင်း နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း ကေအဲန်ယူ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှ ယခု သြဂုတ် ၉ ရက်အတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ အိမ်ခြေ ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း သိရသည်။
ဩဂုတ် ၉ ရက်၊ နံနက် ၅ နာရီခန့်တွင် မူး(မုန်း)မြို့နယ်၊ အောက်ကြာအင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ် ၂၆ လုံးအား မီးရှို့ဖျက်စီးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် နံဇကျေးရွာအနီး၌ နစကနှင့် KNLA တပ်ရင်း(၉)လက်အောက်ခံ ပူးပေါင်းတပ်များအကြား တစ်နာရီကျော်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက်တွင် နံဇကျေးရွာ၌နေရာယူကာ ရွာထဲတွင်ကျန်ရှိနေသည့်နေအိမ်များကို ထပ်မံပြီးမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၆၈ လုံးမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင်လည်း မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းမှ နေအိမ် ၂၇ လုံး၊ နံဇကျေးရွာအတွင်းမှ အိမ်ခြေ ၂၀ လုံး စုစုပေါင်း အိမ်ခြေ ၄၇ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ ညောင်လေးပင်ခရိုင်းအတွင်းမှ မူး(မုန်း)မြို့နယ်၌ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ကလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျေးရွာပေါင်း ၁၁ ရွာခန့် စစ်ဘေးရှောင်ခဲ့ရကြောင်း KNU ၏ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ဖေဖော်ဝါရီလအထိ ၂ နှစ်အတွင်း ပြည်သူပိုင်နေအိမ်ပေါင်း ငါးသာင်း ငါးထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data of Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုစာရင်းတွင် စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၃,၀၀၀ ကျော်၊ မကွေးတိုင်းတွင် ၈၈၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၁၄၀၀ ကျော်နှင့် ကျန်ပြည်နယ်နဲ့ တိုင်းများမှ နေအိမ် ၁၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပါရှိသည်။
ယခုနှစ်အတွင်း ပဲခူးတိုင်းအတွင်း၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် နစကတို့ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကေအဲန်ယူဘက်မှ စဉ်ဆက်မပြတ် သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိထုတ်ပြန်ထားသည့် နေအိမ် ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ နစကဘက်မှ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဂျူဂျူး
ဓာတ်ပုံ – KNU
#ယနေ့ခေတ်
ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၌ သုံးပတ်အတွင်း နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်