ရန်ကုန်၊ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးတွင် မတ် ၄ ရက်၊ မွန်းလွဲ ၃ နာရီက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများအတွင်း ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး သုံးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင် အဝေးပြေးယာဥ် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပြင် အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာ၌သေဆုံးသွားခဲ့ပြီး အသက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ နှစ်ဖက်ထိတွေ့မှုဖြစ်နေတာမသိဘဲ လျှပ်တပြတ်ဖြတ်မောင်းမိလို့ ကောင်းကင်ယံ အဝေးပြေးယာဥ်ကို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။ တိုက်ခိုက်ခံရမှုမှာ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး နေရာမှာသေဆုံးသွားပါတယ်။ ကလေးမိခင် အသက် ၂၇ နှစ်အရွယ်အမျိုးသမီးလည်း သေဆုံးသွားပါတယ်။ ယာဥ်ပေါ်လိုက်ပါစီးနှင်းသူ အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားပါတယ်။” ဟု အမြန်လမ်းလုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မုံရွာ-မန္တလေးလမ်းတွင် နှစ်ဖက်ထိတွေ့မှုကြောင့် ကောင်းကင်ယံ အဝေးပြေးမော်တော်ယာဥ် ပစ်ခတ်ခံရမှုနှင့်စပ်လျဥ်း၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲချက်များသာရှိနေပြီး မည်သည့်ဘက်မှပစ်ခတ်မှုကြောင့် ထိမှန်ရသည်ကို ယနေ့ခေတ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦးနေရာ၌သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်