ခင်ဦး၌ စစ်ရှောင်ထောင်ချီအတွက် အနွေးထည်နှင့်စောင်များလိုအပ်နေ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း စစ်ရှောင်နေရသူ ဒေသခံထောင်ချီအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေကြောင်း ဒေသတွင်း စစ်ဘေးရှောင်များကို ကူ ညီသည့်အဖွဲ့များထံမှ သိရသည်။

ခင်ဦးမြို့နယ်အရှေ့ဘက်ရှိ အနောက်ခြမ်းကျေးရွာများမှ ဒေသခံရှစ်ထောင်ထက်မနည်းမှာ စစ်ကြောင်းများ ဖြတ်သန်းသွားလာမှုကြောင့် ဇန်နဝါရီ ၃ ရက်မှစတင်ကာ စစ်ရှောင်နေရ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသခံထောင်ချီမှာ ယနေ့အထိ စစ်ရှောင်နေရဆဲဖြစ်ကာ ၎င်းတို့အတွက် ရာသီအခြေအနေအရ အနွေးထည်နှင့်စောင်များ လိုအပ်နေကြောင်း သိရသည်။

“ ဒီနေ့အထိ ဘယ်သူမှ အိမ်ပြန်လို့မရသေးဘူး။ စစ်ရှောင်နေရတုန်းပဲ။ ရာသီဥတုအခြေအနေအရ လောလောဆယ် စစ်ရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတာရှိ တယ်။ ဒီမှာက နေ့ပိုင်းဆို နေပူပေမဲ့ ညပိုင်းဆို တော်တော်အေးတာ။” ဟု ဒေသတွင်း စစ်ဘေးရှောင်များကိုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ဘေးတိမ်းရှောင်ရသူများမှာ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(တောင်၊ မြောက်ရွာ)၊ အင်းပက်၊ သရက်ပင်စု၊ ကားဆိပ်၊ မကျီးအုပ်၊ မြင်းဒေါင်း၊ယာတော်၊ မြင်းကျ စသည့် ကျေးရွာများမှ ဒေသခံရှစ်ထောင်ကျော်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် စစ်ရှောင်များမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ အချို့မှာ တောစပ်များတွင် ယာယီတဲထိုးနေထိုင်လျက်ရှိကြောင်း သိရသည်။ ယခု ရက်ပိုင်းတွင် ဒေသတွင်း ရာသီဥတုအခြေအနေများကြောင့် စစ်ရှောင်များအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေခြင်း ဖြစ်သည်။

အလားတူ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ ရေဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာများသို့ နယ်မြေရှင်းလင်းရန်ဆိုကာ စစ်ကြောင်းဝင် ရောက်မှုများကြောင့် ဒေသခံတစ်သောင်းခွဲထက်မနည်းမှာ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်လျက်ရှိကာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်လိုအပ်ချက်များ ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

#ယနေ့ခေတ်

ခင်ဦး၌ စစ်ရှောင်ထောင်ချီအတွက် အနွေးထည်နှင့်စောင်များလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.