ခင်ဦးတွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးအမောဖောက် သေဆုံး

ရန်ကုန်၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်တောင်ခြမ်း၌ လက်နက်ကြီးများပစ်ခတ်ခံရ၍ ထွက်ပြေးတိမ်းရှောင်နေကြစဉ် အမျိုးသားတစ်ဦး အမောဖောက်ကာ နှလုံးရပ်၍ သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက ခင်ဦးမြို့၊ မရမ်းအင်းရွာအတွင်းမှ အသက် ၅၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး စစ်ဘေးရှောင်ရင်းအမောဖောက်ကာ နှလုံးရပ်၍ သေဆုံး သွားခဲ့ကြောင်း သိရသည်။

“ ကျည်ထိမှန်ပြီး သေဆုံးတာတော့မဟုတ်ဘူး။ လူကြီးလည်းဖြစ်တော့ တိမ်းရှောင်ရင်းဖြစ်သွားတာ” ဟု ဒေသတွင်းကူညီစောင့်ရှောက်နေသည့်အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းမှ အမှတ် ၂ တိုက်နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ၍ ကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် မိုးထဲရေထဲ ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းစစ်ဘေးရှောင် ကူညီစောင့်ရှောင်ရေးအဖွဲ့များထံမှ သိရသည်။

အောင်သာကျေးရွာအပါအဝင် အင်းပေါက်ရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီးရွာ၊ ဒါန်းကုန်းရွာ၊ မှန်တောရွာ၊ သိမ်တော်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာနှင့် ကြာပင်အိုင် ရွာ စသည့်ကျေးရွာများမှ ဒေသခံသောင်းနဲ့ချီကာ နေရပ်မပြန်ရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများထဲတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် သွေးနုသားနု မိခင်များပါဝင်နေကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းကူညီစောင့်ရှောက်နေသူများထံမှ သိရသည်။

“ အဓိက စားနပ်ရိက္ခာအခက်ခဲပါပဲ၊ မိုးထဲရေထဲတိမ်းရှောင်ကြရတာလဲ ဒုက္ခရောက်ကြပါတယ်။ အမြဲတမ်းလိုလို ရှောင်ရတဲ့ပြည်သူကတော့ ၂ သောင်းကျော်ခန့်လောက်ရှိတယ်” ဟု ဒေသခံကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန် ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအချို့တွင် နစကတပ် PDF တို့ မကြာခဏထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ကာ တိုက်ပွဲ ဖြစ်ပွားမှုအချို့လည်းရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထိုသို့ တိုက်ပွဲများဖြစ်ပွားမှုအပြီးမှာ နစကဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၏ အနီးအနားရှိကျေးရွာများအား နယ်မြေရှင်းလင်းမှုများလုပ်ဆောင်လေ့ရှိကြောင်း နစက၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – PDC

#ယနေ့ခေတ်

ခင်ဦးတွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးအမောဖောက် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.