ကွမ်းလုံ၌ တိုက်ပွဲကြား ဒေသခံများပိတ်မိနေ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့တွင် တိုက်ပွဲအကြား ဒေသခံများပိတ်မိနေကြောင်း မြို့ခံများနှင့် နီးစပ်သူများထံမှ သိရသည်။

ကွမ်းလုံမြို့နှင့်အနီးတဝိုက်တွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကာ အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံများ တိုက်ပွဲအကြား ပိတ်မိနေကြောင်း သိရသည်။

“ ကွမ်းလုံရဲ့အခြေအနေက လက်နက်ကိုင်အဖွဲ့တွေက မြို့ထဲကိုရောက်နေကြတယ်။ တပ်စခန်းကလည်း ပစ်ခတ်တာတွေရှိနေတယ်။ ဒေသခံအများစုက ဘေးလွတ်ရာတွေ ရွေ့ ပြောင်းနေထိုင်ပေမယ့် မြို့ထဲပိတ်မိနေတဲ့သူတွေလည်း အများကြီးရှိတယ်။” ဟု ကွမ်းလုံမြို့ခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ကွမ်းလုံမြို့ခံများက မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများအပါအဝင် နီးစပ်ရာနေရာများတွင် စုဝေးနေထိုင်ခြင်း၊ ချင်းရွှေဟော်မြို့နယ်၊ နမ့်တစ်ရွာ၊ ဟိုပန်မြို့နယ်နှင့် ဝ ဒေသများသို့ ထွက်ပြေတိမ်းရှောင်မှုများရှိကာ ယနေ့အထိ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ၍ အဆက်အသွယ်မရသေးသူများလည်း များစွာရှိနေ ကြောင်း သိရသည်။

“ ဖုန်းလိုင်းတွေအကုန်လုံးနီးပါး ပြတ်နေတယ်။ ရပ်​ဝေးမှာနေတဲ့သူတွေလည်း ကွမ်းလုံကမိသားစုတွေနဲ့ အခုထိ ဖုန်းအဆက်အသွယ်မရတဲ့သူတွေလည်းရှိတယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကွမ်းလုံမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးနှင့် လေကြောင်းမှပါ တိုက်ခိုက်မှုများရှိကာ လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခြင်းနှင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိနေကြောင်း ဒေသတွင်းသတင်းများအရသိရပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်သေဆုံးသူစာရင်း အတိအကျကို မသိရသေးပေ။

ယနေ့နံနက်ပိုင်းအထိ ကွမ်းလုံတွင် လက်နက်ကိုင်အဖွဲ့များ ရောက်ရှိနေပြီး အနီးရှိ နစကတပ်စခန်းမှလည်း ပြန်လှန်ပစ်ခတ်မှုများရှိနေကာ စစ်ရေးတင်းမာနေသည့် အနေအထားရှိ နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ကွမ်းလုံမြို့နယ်တွင်သာမက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကွတ်ခိုင်၊ သိန္ဒီ၊ နောင်ချိုအပါအဝင် ဒေသအချို့တွင် နှစ်ဖက်တိုက်ပွဲအကြား ယနေ့အထိ ပိတ်မိနေသူများရှိနေကာ ၎င်းတို့ ကို ကူညီကယ်ဆယ်ပေးနိုင်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသတစ်ခုလုံးတွင် ယနေ့အထိ စစ်ဘေးရှောင်သူဦးရေ နှစ်သောင်း ကျော်အထိရှိလာကာ တိုက်ပွဲများအတွင်းပိတ်မိနေသူ ထောင်ချီ၍ရှိနိုင်ကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

#မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကွမ်းလုံ၌ တိုက်ပွဲကြား ဒေသခံများပိတ်မိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.