ရန်ကုန်၊ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာရွာသို့ ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကာ ကျေးရွာအတွင်း နေထိုင်သူ ၃ ဦး ကျည် ထိမှန်၍ တစ်ဦးသေဆုံးကာ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
နမ့်ဖက်ကာရွာသို့ ယမန်နေ့ နေ့လည် ၂ နာရီခန့်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၆၀ မမ စိန်ပြောင်းဟုယူဆရသော လက်နက်ဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျည်များ ကျရောက်ခဲ့ကြောင်း သိရသည်။
“ ၆၀ မမ စိန်ပြောင်းနဲ့ ရွာအနီးကနေ ၅ လုံးပစ်လိုက်တာ၊ ရွာထဲကို ၂ လုံးပြုတ်ကျတော့ ဦးပေါင်လာဆိုတဲ့လူကိုထိမှန်ပြီး သူကနေရာမှာတင် သေဆုံးသွားတယ်၊ နောက်ထပ် ကချင် လူမျိုး ၂ ဦးလည်း ဒဏ်ရာရသွားသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ကျည်ထိမှန်၍ ကျေးရွာအတွင်းနေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေး ကုသမှုခံယူနေကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ယခုရက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် KIA နှင့် TNLA တို့ စစ်ရေးအရ တင်းမာမှုများရှိနေကာ အပြန်အလှန်ပစ်ခတ်မှုများအပြင် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပါရှိနေကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်ကလည်း ယခုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် နမ့်ဖက်ကာရွာ၏ မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နမ့်ဖက်ကာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာ အသက် ၁၆ နှစ်အရွယ် ကချင်အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ကွတ်ခိုင် နမ့်ဖက်ကာရွာသို့ ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက် လက်နက်ကြီးဖြင့် ပစ်ခံရ၊ တစ်ဦးသေကာ ၂ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်