ကွတ်ခိုင် နမ့်ဖက်ကာတိုက်ပွဲကြောင့် တစ်လအတွင်း ဒေသခံ ၁၈ ဦးသေဆုံးကာ တစ်ထောင်ဝန်းကျင် စစ်ရှောင်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ကာ တစ်လအတွင်း ဒေသခံ ၁၈ ဦးသေဆုံးခဲ့ပြီး တစ်ထောင်ဝန်းကျင်ခန့် စစ်ရှောင်နေရကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ သိရသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်အထိ တစ်လနီးပါးကာလအတွင်း ဒေသခံ ၁၈ ဦးသေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ လေကြောင်းတိုက်တာရော၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့်ပါ ဒေသခံတွေ ထိခိုက်သေဆုံးတာပါ။ ရပ်ကွက် (၄) မှာ သေဆုံးသူငါးဦးနဲ့ ရပ်ကွက် (၃) က ခြောက်ဦးကိုသာ ဘယ်သူတွေဆိုတာ သိရတယ်။ ကျန်တဲ့သူတွေကတော့ အလောင်းပဲတွေ့ရတာ။ ဘယ်သူမှန်းမသိရဘူးလို့ ဒေသခံတွေက ပြောတယ်။” ဟု တအောင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများစွာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများကြောင့် နမ့်ဖက်ကာဒေသတွင် နေထိုင်ကြသော ဒေသခံတစ်ထောင်ကျော်မှာလည်း ယခုလအတွင်း စစ်ရှောင်နေရကာ ၎င်းတို့အတွက် အစားအသောက်နှင့် ဆေး ဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

လတ်တလောတွင် နမ့်ဖက်ကာဒေသရှိ ဒေသခံသုံးရာကျော်မှာ ဟိုမော၊ လွယ်ခုမ်၊ ဝင်္ကပါ စသည့်ကျေးရွာများတွင် စစ်ရှောင်လျက်ရှိပြီး မိုင်းယုလေးကျေးရွာတွင် ဒေသခံခြောက်ရာဝန်းကျင်နှင့် ခိုမုန်းရွာတွင် ဒေသခံတစ်ရာကျော်တို့ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအခြေ စိုက် ခလရ ၁၂၃ စခန်းအား KIA အဖွဲ့နှင့် အခြားပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ ယခုရက် ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအထိ နမ့်ဖက်ကာဒေသခံ ၂၅ ဦးသေဆုံး ကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။

#မောင်ဇော်

Photo – TWO

#ယနေ့ခေတ်

ကွတ်ခိုင် နမ့်ဖက်ကာတိုက်ပွဲကြောင့် တစ်လအတွင်း ဒေသခံ ၁၈ ဦးသေဆုံးကာ တစ်ထောင်ဝန်းကျင် စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.