ရန်ကုန်၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ နမ့်ခွန်ရွာ၌ ယမန်နေ့ နံနက်က ကတုတ်ကျင်းပြိုကျပြီး သားအမိနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်၊ ညပိုင်းက မူဆယ်-မန္တလေးလမ်းမပေါ်ရှိ နမ့်ခွန်ကျေးရွာမှ သစ်ကြားသီးခြံရှိ ကတုတ်ကျင်းအတွင်း လက်နက်ကြီးရန်ရှောင်ရန် ကတုတ်ကျင်းအတွင်း ဝင်အိပ်နေ သည့် သားအမိနှစ်ဦးမှာ ကတုတ်ကျင်းပြိုကျပြီး မြေပိကာသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ သားအမိတွေ ညဘက်ကို ကတုပ်ကျင်းထဲ သွားအိပ်ကြတာဖြစ်မယ်၊ ပြိုကျလို့ ပိမိသွားတာ၊ ဘယ်အချိန်ပြိုလို့ ဘယ်အချိန်ထဲကသေတယ်မသိ၊ သိတဲ့အချိန် မနက်မှာက အသက် မရှိကြတော့ဘူး။” ဟု ဒေသခံပရဟိတအသင်းတစ်ခုမှ အသင်းသားတစ်ဦးက ပြောသည်။
သေဆုံးခဲ့သည့် သားအမိနှစ်ဦးမှာ အသက် ၄၅ နှစ်အရွယ် မိခင်နှင့် အသက် ၁၂ နှစ်အရွယ် သားတို့ဖြစ်ကာ ယနေ့ နိုဝင်ဘာ ၃ ရက်တွင် မြေမြုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ နေ့လည် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ကာလိုင် ကျေးရွာတွင်းသို့ လေယာဥ်ဖြင့်ဗုံး ၉ လုံး လာရောက်ကြဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ၊ လူနေ အိမ်သုံးလုံးနှင့် ကာလိုင်စျေး ပျက်ဆီးသွားခဲ့ကြောင်း ဒေသတွင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ၊ ရီးယန်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး ကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်၌ တိုက်ပွဲများဖြစ်ပွားမှုမှာ တစ်ပတ်တာ ကြာမြင့်နေပြီဖြစ်ပြီး လေကြောင်းတိုက်ခတ်ခံရမှုနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအပါအဝင် နှစ်ဖက်တိုက်ပွဲများ ကြောင့် ကလေးငယ် ၁၄ ဦးသေဆုံးခဲ့ပြီး၊ ဒေသခံ ၃၉ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာ၌ ဒေသခံများ၏နေအိမ် ၈၀ ကျော် ပျက်စီးသွားခဲ့ကာ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင် မြို့နယ်များမှလည်း ဒေသခံများ၏နေအိမ် ၂၆ လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ – ဒေသခံများ
ကွတ်ခိုင်၌ ကတုတ်ကျင်းပြိုကျ သားအမိနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်