ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ကချင်အမျိုးသားတော်လှန်ရေးနေ့ကျင်းပရန် ပြင်ဆင်နေစဉ် TNLA လက်နက်ကိုင်အဖွဲ့က နှောင့်ယှက်ခြင်းကို ကွတ်ခိုင်မြို့နေ ကချင်လူထုက ရှုတ်ချကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် ၆၃ နှစ်ပြည့်၊ ၆၄ ကြိမ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့ကို ကွတ်ခိုင်မြို့၌ကျင်းပရန် ပြင်ဆင်နေစဉ် TNLA လက်နက် ကိုင်အဖွဲ့က တားဆီးနှောင့်ယှက်ခဲ့ကြောင်း၊ ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့နေ ကချင်လူမျိုးများက မိမိတို့၏အိမ်ခြံဝင်းအတွင်း ကချင်အလံအား တစ်နေ့တာလွင့်ထူထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA အဖွဲ့က အလံတိုင်အားချိုးဖျက်၍ ဆွဲဖြုတ်ခြင်း၊ ခြေဖြင့်ကန်ခြင်းနှင့် ပိတ်ပင်တားဆီးခြင်းများပြုလုပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် လက်နက်မဲ့ပြည်သူများကို သေနတ်မောင်းတင် ချိန်ရွယ်မှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ ကျွန်တော်တို့က ရေရှည်အတူ နေနိုင်ဖို့အတွက် ဒီလိုမျိုး စာထုတ်ပြန်ပြောဆိုရတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာကအစ ကူးပြောင်းမှုတွေရှိနေတာဆိုတော့ ပွတ်တိုက်မှုတွေ ဖြစ်လာတာပေါ့။ ကချင်လူမျိုးတွေအနေနဲ့က အေးအေးချမ်းချမ်းနေချင်တယ်။ ထိခိုက်ပြောဆိုမှုတွေ လုပ်ရပ်တွေအတွက်တော့ ရှုတ်ချပါတယ်။” ဟု ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
ထိုသို့ TNLA အဖွဲ့၏ ပြောဆိုလုပ်ဆောင်မှုများအပေါ် ကွတ်ခိုင်မြို့နေ ကချင်အမျိုးသားထုတစ်ရပ်လုံးကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ လုံးဝကန့်ကွက်ရှုံ့ ချကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၊ ရပ်ကွက် (၈) ရှိ ဒေသခံပြည်သူသုံးဦး စစ်ရှောင်နေစဉ် TNLA အဖွဲ့မှ ၎င်းတို့၏အိမ်ဝန်းမြေနေရာအား ဘတ်ဟိုးများဖြင့်တူးကာ စစ်ဆေးရေးဂိတ်တည်ဆောက်နေရှိကြောင်း သိရသည်။ မြေပိုင်ရှင်များက TNLA အဖွဲ့၏ တာဝန်ရှိသူများကို သွားရောက်တိုင်တန်းသော်လည်း မည်သို့မျှဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်မှစတင်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများအတွင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူအပါအဝင် မြို့အချို့အား TNLA က ထိန်းချုပ်ထားကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ကွတ်ခိုင်၌ ကချင်တော်လှန်ရေးနေ့ ပြင်ဆင်မှုကို TNLA က နှောင့်ယှက်ခြင်းကို ရှုတ်ချ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်