ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီတို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ သီပေါမြို့နယ်နှင့် သိန္ဒီမြို့နယ်တို့၌ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လျက်ရှိနေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအားကူညီနေသည့် အဖွဲ့များထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်၌ ယနေ့နံနက်အစောပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲ များအနီးရှိ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ မနက်အစောပိုင်းထဲက ပစ်ခတ်သံတွေကို ကြားနေရတာ။ ဘယ်နားက စစ်စခန်းမှာဖြစ်နေတယ်ဆိုတာ အတိအကျမသိရပေမဲ့ ပစ်ခတ်သံတွေက ကွတ်ခိုင်မြို့ထဲကနဲ့ အနီးကရွာတွေ မှာပါ ကြားရတာ။ မနက် ၁၀ နာရီလောက်က လေယာဉ်လည်း ဝဲနေတော့ အိမ်တွေထဲမှာ ဘယ်သူမှမနေရဲကြဘူး။ နီးတဲ့နေရာတွေမှာ စုနေကြရတယ်။ တချို့လည်း လားရှိုးဘက်ကို ပြေးကြရတယ်။” ဟု ကွတ်ခိုင်မြို့၌နေထိုင်သူ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အလားတူ သီပေါမြို့နယ်၌လည်း ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုများရှိပြီး လက်နက်ငယ်ပစ်ခတ်သံများလည်း ကြားရ၍ ဒေသခံများမှာ နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများနှင့် ယာယီစစ်ရှောင်စခန်းများတွင် သွားရောက်နေထိုင်ရကြောင်း သိရသည်။

ထို့အတူ သိန္ဒီမြို့နယ်တွင်လည်း ယနေ့နံနက်အစောပိုင်းက တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေ၍ ဒေသခံထောင်ချီမှာ ဘေးကင်းရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကာ ထိုဒေသတွင် ဖုန်းဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီမြို့နယ်တို့၌ နှစ်လကျော်ကာလအတွင်း နစကတပ်များနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားနေ၍ ထိုဒေသများရှိ ဒေသခံစုစုပေါင်း နှစ်သောင်းထက်မနည်းမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

ထို့ပြင် သိန္ဒီမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် ဆက်သွယ်ရေးအရအရေးပါသည့် တံတားနှစ်စင်းထက်မနည်း ဖျက်စီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိနေ ကြောင်း သိရသည်။

ထို့အပြင် နှစ်လကျော်ကြာ ရှမ်းမြောက်တိုက်ပွဲများအတွင်း ဒေသခံတစ်ရာနီးပါး သေဆုံးခဲ့ကာ၊ ထိုသေဆုံးသူများစာရင်းတွင် ကွတ်ခိုင်မြို့နယ်မှ ဒေသခံနှစ်ဆယ်ထက်မနည်းပါဝင် ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများ ယခုထက်ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း ထိုဒေသရှိ ဒေသခံများက ပြောဆိုလျက်ရှိသည်။

#မောင်ဇော်

ဓာတ်ပုံ – TWO

ပုံစာ – သိန္ဒီမြို့နယ်ရှိ စစ်ရှောင်များနှင့် တိုက်ပွဲကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်(ပုံဟောင်းများဖြစ်သည်)

#ယနေ့ခေတ်

ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီတို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.