ရန်ကုန်၊ နိုဝင်ဘာ ၅
ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ်တစ်သိန်းငါးသောင်းအထိ တိုးမြင့်ဝယ်ယူလာနေကြောင်း သကြားစက်ရုံများ၏ ကြေညာချက်အရ သိရသည်။
သကြားစက်ရုံများအနေဖြင့် စက်ရုံအရောက် ကြံတစ်တန် ကျပ်တစ်သိန်းသုံးသောင်းမှ တစ်သိန်းငါးသောင်းကျပ်အထိ နေရာဒေသအလိုက် ဈေးတိုးမြှင့်ပေး၍ ဝယ်ယူမှုများရှိ ကြောင်း သိရသည်။
လက်ရှိ ရွှေညောင်၊ မြဘုရင်သကြားစက်မှ ကြံတစ်တန် စက်ရုံအရောက် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေးဝယ်ယူထားကြောင်း နိုဝင်ဘာ ၂ ရက်တွင် အသိပေးထားသည်။
“ အခုဒီဈေးနှုန်းက အဆင်ပြေတယ်။ အစက သူတို့ကြေညာတယ့် ၁၁၀,၀၀၀ က အဆင်မပြေဘူး။ အနိမ့်ဆုံး ၁၃၀,၀၀၀ မှအဆင်ပြေမှာ။ ဓာတ်မြေဩဇာတွေ၊ စက်သုံးဆီဈေးတွေ တတ်တာကြောင့် အဆင်မပြေဘူး။ အခုရတဲ့ဈေးက သင့်တင့်မျှတတဲ့ဈေးဖြစ်ပါတယ်။” ဟု ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်တွင်းသကြားစက်ရုံများမှ ကြံတစ်တန် ကျပ်တစ်သိန်းတစ်သောင်းမှ ကျပ်တစ်သိန်းသုံးသောင်းကြား အခြေခံဈေးသတ်မှတ်၍ ဝယ်ယူရန် ဈေးသတ်မှတ်ထားသည်။
လက်ရှိ ပြည်တွင်းသကြားဈေးကွက်မှာ အေးနေပြီး နိုဝင်ဘာလဆန်းပိုင်းတွင် သကြားတစ်ပိဿာ ၃၆၀၀ ကျပ်ခန့်ရှိနေကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှုမှာ ညီမျှမှုမရှိပဲ လျော့နည်းနေကြောင်း၊ ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅၀၀,၀၀၀ ခန့်ရှိပြီး ယခင်နှစ် သကြားထုတ်လုပ် မှုမှာ တန်ချိန် ၅၀၀,၀၀၀ အောက်လျော့နည်းခဲ့ခြင်းကြောင့် သကြားဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ကြံတစ်တန် ငွေကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ဝယ်ယူလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်