ရန်ကုန်၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်-မြန်မာနယ်စပ်အနီးရှိ အဆိုပါ မြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၃၁ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံနှစ်ဦးသေဆုံးခြင်းဟု သိရသည်။
“ အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခံရတာ။ ရပ်ကွက် (၈) ထဲကို ဗုံးတစ်လုံးကျပြီး နှစ်ဦးသေဆုံးသွားပါတယ်။ ဒေသခံတွေလည်း ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှစ်ဦးမှာ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ ကလေးငယ်များအပါအဝင် ဒဏ်ရာရရှိသူငါးဦးမှာ တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထို့ပြင် ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ယနေ့အထိ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကာ ထိုစစ်ရှောင်များသည် ဝမ်တိန်ရေချောင်းတံတားအောက်နှင့် လောင်းကစားရုံအဟောင်းအနီး၌ ယာယီခိုလှုံနေရကြောင်း သိရသည်။
စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ဖျားနာသူများလည်းပါဝင်ကာ ၎င်းတို့အတွက် အစားအသောက်၊ အဝတ် အစားနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအများအပြားတွင် အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများအပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပါပစ်ခတ်၍ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့တွင် ဒေသခံ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကာ ယနေ့အထိ ဒေသတစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
#မောင်ဇော်
ဓာတ်ပုံ – တအောင်းအမျိုးသမီး အဖွဲ့အစည်း
ကြူကုတ်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်