ရန်ကုန်၊ စက်တင်ဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်နယ်မြေတွင် မြို့ခံများစုပေါင်းတည်ထောင် ဖွင့်လှစ်ထားသည့် ကျောက်ကပ်သွေးသန့်စင် စင်တာ၌ ကျွမ်းကျင်သူနာပြုဝန်ထမ်း လိုအပ်ချက်ကြောင့် ယခုလကုန်တွင် ယာယီရပ်နားမည်ဟု အဆိုပါစင်တာ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ စင်တာ၌ ကျောက်ကပ်သွေးသန့်စင်ပေးနေသည့် သူနာပြုဝန်ထမ်းများ အလုပ်ထွက်သွားခြင်းကြောင့် ကျွမ်းကျင်သူနာပြုဝန်ထမ်း လိုအပ်ချက်ဖြစ်ပေါ် နေပြီး လတ်တလော ရှာဖွေမရသေး၍ ကျောက်ကပ်ဆေးသည့် လူနာများအား စက်တင်ဘာ ၃၀ ရက်အထိသာ လက်ခံပေးမည်ဖြစ်ကာ အောက်တိုဘာ ၁ ရက်မှစ၍ ယာယီရပ်နားမည်ဟု သိရသည်။
“ ဝန်ထမ်းရှာလို့ရရင်တော့ ပြန်ဖွင့်မှာပါ၊ ဝန်ထမ်းရှာမရလို့ မဖွင့်ဖြစ်ရင် လူနာတွေက တခြားမှာပြသနိုင်အောင် ကြိုပြီးသတိပေးတာဖြစ်ပါတယ်” ဟု အဆိုပါစင်တာမှ တာဝန်ရှိသူ တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိ၌ ကျွမ်းကျင်သူနာပြုဝန်ထမ်း ၂ ဦးခန့်လိုအပ်နေပြီး ဝန်ထမ်းခန့်အပ်နိုင်ပါက စင်တာပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ လူမှုကွန်ရက်စာမျက်နှာမှလည်း အသိပေးသွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါစင်တာကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ဒေသတွင်းရှိ ကျောက်ကပ်ရောဂါ ခံစားခဲ့ရဖူးသူများနှင့် ပရဟိတပြုလုပ်သူများက စုပေါင်းတည်ထောင်ထားခြင်းဖြစ်ကာ ပြည်သူ များ၏ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် ယနေ့အထိ ဆက်လက်ရပ်တည်နေခြင်းဟု ထိုစင်တာမှတာဝန်ရှိသူက ရှင်းပြသည်။
စင်တာ၌ လစဉ်ပုံမှန် ကျောက်ကပ်ဆေးနေသူ လူနာ ၁၅ ဦးဝန်းကျင်ခန့်ရှိပြီး ဆေးကုသစရိတ်မှာ ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ကျောက်ကပ်ဆေးပါက ကုန်ကျမည့်ငွေ၏ ထက် ဝက်မက သက်သာကြောင်းသိရပြီး စင်တာယာယီရပ်နားပါက ဆေးဆက်လက်ကုသနိုင်ရန် အခက်အခဲဖြစ်မည်ကို လူနာများက စိုးရိမ်နေကြကြောင်း သိရသည်။
မောင်ဇော်
ဓါတ်ပုံ – မော်လမြိုင်ကျောက်ကပ် ဖောင်ဒေးရှင်း
ကျွမ်းကျင်သူနာပြုဝန်ထမ်း လိုအပ်ချက်ကြောင့် မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာ ယခုလကုန်တွင် ယာယီရပ်နားမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်