ကျွန်းလှ၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများ ထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်းအချိန်မှစတင်၍ ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်းရှိ တပူတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

“ မနက်အစောပိုင်း ၁၂ နာရီကျော်ထဲက ဗုံးကြဲခံရတာ၊ နေ့လည်အထိပဲ။ ပထမအကြိမ်တုန်းကတော့ အထိအခိုက်မရှိဘူး။ ဒုတိယအကြိမ်မှာတော့ ၆ ဘီးကားတစ်စီး ပျက်စီးသွား တယ်။ နောက်အကြိမ်တွေမှာတော့ ဘာတွေပျက်စီးသွားလဲ မသိရသေးဘူး။ ဒီနေ့လည်အထိ စုစုပေါင်း ဗုံး ၁၂ လုံးကြဲတဲ့အပြင် လေယာဉ်နဲ့ပါ ပစ်တာ။ အနီးအနားကလူတွေလည်း ဘယ်သူမှ ရွာထဲမနေရဲဘူး။ အကုန်လုံး ထွက်ပြေးနေရတယ်။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရ၍ ကျွန်းလှမြို့နယ်၊ ဆည်အနောက်ဘက်ခြမ်း ရှိ တပူတော၊ လိပ်ဆင်းတောင်၊ အေးချမ်းသာနှင့် အင်လှရွာတို့မှ ဒေသခံ ငါးထောင်ထက်မနည်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ စခန်းများကို တိုက်ခိုက်ခြင်းဖြစ်ပြီး ကျေးရွာများကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။ သို့ရာတွင် လူနေအိမ်များပါ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင်လည်း ယနေ့ နေ့လည်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအ ဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် ပုလဲမြို့နယ်တို့တွင် ယခုရက် ပိုင်း၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကာ ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ပုံစာ – ယနေ့နံနက်လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးမှုများအား တွေ့ရစဉ်။

#ယနေ့ခေတ်

ကျွန်းလှ၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.