ကျေးသီးမြို့ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် စစ်ဘေးရှောင် ၅၀၀ ခန့်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေပြီး၊ နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

နစကတပ်နှင့် ကိုးကန့်တပ် (MNDAA) တို့တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၅၀၀ ခန့်သည် ကျေးသီးမြို့ပေါ်ရှိ ဆွေမျိုးအိမ်များ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရပြီး စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“အခုကတော့ စဉ်းစားပေးနေရတယ်။ ရေရှည်အတွက်ဆို သူတို့ကိုကူညီဖို့ကလည်း ခက်ခဲတယ်။ ကူညီပေးတဲ့လူတွေကလည်း နည်းလာပြီ။ စစ်ဘေးရှောင်က ၃၀၀ ကျော်လောက်ရှိတယ်။ လိုက်အလှူခံပြီးတော့ ပြန်ကူညီရတာပေါ့။ အရင်ကလည်း ဘေးရွာကနေ လာလှူတာတွေရှိတယ်။ ကြာလာတော့ သိပ်မရှိတော့ဘူး။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် လားရှိုး၊ ကျေးသီးအပြင် မိုင်းရယ်၊ နမ့်လန်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများလည်းပါပြီး စစ်ဘေးရှောင်အများစုသည် အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။

“အခုက အချင်းချင်းပိုက်ဆံတွေစုပြီး ဝယ်စားကြရတာလည်းရှိတာပေါ့။ စားသောက်ဖို့ကလည်း ချွေတာရတယ်။ တစ်ခါတလေ ငါးပိလေးနဲ့ အသီးအရွက်လေးနဲ့ တစ်ရက်ပြီးသွားတာရှိတယ်။ အသီးအရွက်နဲ့ပဲ အကုန်ပေါင်းစားနေကြရတာ။ ရေရှည်အတွက်တောင် ဘယ်လိုလာမလဲ မပြောတက်ဘူး။” ဟု စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ကျေးသီးမြို့တွင် အလုပ်အကိုင်များရှားပါးပြီး ဒေသခံများအတွက်လည်း စားဝတ်နေရေး အခက်အခဲကြုံတွေ့ရကြောင်း၊ ထိတွေ့တိုက်ပွများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ကျေးသီးမြို့ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.