ကျောက်မြောင်း၌ အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်း၌ ယနေ့နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ရပ်ကွက် အတွင်းနေထိုင်သူများ၏ ပြောကြားချက်အရ ကနဦးသိရသည်။

ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်၊ ဓမ္မစိန္တာလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ တိုက်ခန်းတစ်ခန်း၏ ၈လွှာတွင်နေထိုင်သည့် အသက် ၆၀ နှင့် အသက် ၅၆ နှစ်အရွယ် အမျိုး သမီးနှစ်ဦးအား ဒဏ်ရာများဖြင့် နေအိမ်အတွင်း သေဆုံးလျက်တွေ့ခဲ့ရကြောင်း ရပ်ကွက်အတွင်း၌ နေထိုင်သူများက ယနေ့ခေတ်သို့ အတည်ပြုပြောကြားသည်။

“ အခုတော့ ရဲတွေရောက်နေပြီး စစ်နေကြတယ်။ အသတ်ခံရတာက အိမ်ရှင်အပျိုကြီးနှစ်ယောက်ပါ။ ညထဲက အသတ်ခံရတဲ့ပုံစံလို့တော့ ပြောတယ်။ ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။” ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခန်းတွင် အသတ်ခံရသသည့်အမျိုးသမီးနှစ်ဦးနှင့် သီလရှင်ဆရာလေးတစ်ပါးတို့ နေထိုင်ကြောင်း၊ ယမန်နေ့က သီလရှင်ဆရာလေးမှ ရိပ်သာသို့ သွားရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးသာ နေအိမ်တွင်ကျန်ရှိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဆွေမျိုးတစ်ဦးမှ ထိုအမျိုးသမီးနှစ်ဦးထံ ဖုန်းဆက်ရာ ဖုန်းမကိုင်၍ တိုက်ခန်းသို့ လာရောက်ကြည့် ရှုရာမှ သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိရကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သတ်၍ ယနေ့ခေတ်မှ သတင်းအတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိပြီး ကနဦးဖြစ်စဥ်များနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေး ပေ။

မောင်ဇော်

#ယနေ့ခေတ်

ကျောက်မြောင်း၌ အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.