ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အကြားသို့ ဆက်သွယ်ထားသည့် ကျင်သီတံတား ပျက်စီးခဲ့မှုကြောင့် သွားလာရခက်ခဲမှုကို ကြုံတွေ့နေရကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြောသည်။
တံတားပျက်စီးခဲ့မှုကြောင့် သီပေါမှ ကျောက်မဲသို့ ခရီးသွားလာမှုများ ခက်ခဲလျက်ရှိပြီး ကုန်စည်ပို့ဆောင်မှုများလည်း ရပ်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။
“ သီပေါကဆိုရင် ကျောက်မဲကို ကားနဲ့သွားလို့မရဘူး။ ကုန်စည်အများစုက ကျောက်မဲဘက်ကနေလာတာ။ အခု အဲ့လမ်းက သွားမရတော့ နမ်းလန်ကတဆင့် တောင်ကြီးဘက်က ဝင်ရတယ်။ ပိုဝေးတာပေါ့။ လားရှိုးဘက်ကလည်း အခြေအနေမကောင်းတော့ သွားလာလို့မရဘူး။ တံတားကလည်း တော်တော်နဲ့ပြင်ဦးမှာမဟုတ်တော့ ဒီတိုင်းပဲ လမ်းကပြတ် တောက်နေဦးမှာပဲ။ သွားလာရတာ ဘယ်လိုမှအဆင်မပြေဘူး။” ဟု သီပေါမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တံတားပျက်စီးနေ၍ ယနေ့အထိ ကျောက်မဲ-သီပေါလမ်းပိုင်းတွင် မော်တော်ယာဉ်များ သွားလာ၍မရသေးပဲ၊ တံတားဘေးအနီး၌ ဆိုင်ကယ်နှင့် လူများသွားလာနိုင်ရန် ယာယီလမ်း ကို ပြုလုပ်ထားရကြောင်း သိရသည်။
ထို့ပြင် ဒေသအခြေစိုက် ပရဟိတအသင်းများလည်း ကူညီမှုများဆောင်ရွက်ရန် အခက်အခဲကြုံတွေ့ရကြောင်း သိရသည်။
“ ကျောက်မဲကလူနာ သီပေါဘက်သွားမယ်ဆိုရင် ကျောက်မဲအသင်းက တံတားနားအထိ လိုက်ပို့တယ်။ သီပေါအသင်းက တံတားဒီဘက်ကနေ စောင့်ပြီးသယ်ရတယ်။ နှစ်ဆင့် သယ်ရတာပေါ့။” ဟု ဒေသတွင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စက်သုံးဆီသယ်ယူရာတွင်လည်း ဆီဘောက်ဆာကားများမှာ တံတားနှစ်ဖက်တွင် ရပ်တန့်ကာ၊ ဆီပိုက်များဖြင့် အလဲအလှယ်ပြုလုပ်၍ သယ်ဆောင်ရကြောင်း ဒေသခံများ က ပြောသည်။
အဆိုပါတံတားသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် တံတားအပိုင်းတစ်ပိုင်း ပျက်စီးခဲ့ပြီး၊ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ကျိုးကျပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တံတားပျက်စီးမှုကြောင့် သွားလာရခက်ခဲလျက်ရှိနေကာ ကုန်စည်စျေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – ဒေသခံများ
ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား တိုက်ပွဲကြောင့်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်