ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် နစကတပ်နှင့် TNLA လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီကျော်က ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းအနီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ ပတ်ဝန်းကျင်ရှိ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သိရသည်။
“ ဒီမနက်ပိုင်း ငြိမ်းချမ်းရေးကုန်းအနီးမှာ တိုက်ပွဲဖြစ်ကြတာ။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိတော့ အနီးအနားက ဒေသခံတစ်ချို့က ကျောက်မဲမြို့ထဲ လာရှောင်ကြတယ်။ နေ့လည် ၁၂ နာရီနောက်ပိုင်းတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ မြို့ထဲလည်း လူသွားလူလာ တော်တော်ရှင်းသွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြား တွေ့ဆုံဆွေးနွေး၍ ရှမ်းပြည်မြောက်ပိုင်းအတွင်း ယာယီအပစ်ရပ်ရန် သဘောတူ ညီမှုရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက်တွင် ကျောက်မဲ၌ တိုက်ပွဲဖြစ်ပွားခြင်းဟု စစ်ရေးလေ့လာသူများက ပြောကြားသည်။
ယနေ့နံနက်တိုက်ပွဲနှင့် ပတ်သတ်၍ TNLA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ရာတွင် ၎င်းတို့တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းသို့ နစကတပ်များ ဝင်ရောက်လာ၍ နှစ်နာရီ ကြာတိုက်ပွဲဖြစ်ပွားကြောင်း၊ ပြည်သူများ စစ်ဘေးဒဏ်သင့်မည်ကိုစိုးရိမ်၍ အဆိုပါကုန်းမှ ယာယီနောက်ဆုတ်ပေးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ နစကဘက်ကမူ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲအခြေအနေနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သုံးလနီးပါးကြာကာလအတွင်း ကျောက်မဲမြို့နယ်နှင့် အနီးတဝိုက်၌ တိုက်ပွဲများကြောင့် ဒေသခံရာချီ၍ စစ်ဘေးတိမ်းရှောက်လျက်ရှိနေစဉ် ယနေ့နံနက်တိုက်ပွဲနှင့် ဆက်စပ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
#မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ပုံစာ- ကျောက်မဲမြို့၊ ပင်လုံလမ်းအား ယနေ့နံနက် တွေ့ရစဉ်။
#ယနေ့ခေတ်
ကျောက်မဲ၌ တိုက်ပွဲဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်