ကျောက်မဲ၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော် စစ်ဘေးရှောင်ရ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ နှစ်ဖက်တိုက်ပွဲကြောင့် ကျေးရွာအချို့မှ ဒေသခံတစ်ရာကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းရှိ စစ်ဘေးရှောင်များ အား ကူညီပေးနေသူများထံမှ သိရသည်။

ယခုရက်ပိုင်းနှင့် ယနေ့နံနက်အတွင်း ဖြစ်ပွားသည့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ များ၏ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်အောင်ကျေးရွာသို့ ဒေသခံတစ်ရာကျော် လာရောက်ပြီး စစ်ဘေးတိမ်းရှောင်ရခြင်းဟု သိရသည်။

“ ဒီနေ့လည်အထိ စုစုပေါင်း ၁၆၄ ဦးရှိပါတယ်။ တိုက်ပွဲကတော့ ငြိမ်သွားပေမဲ့ ရင်ဆိုင်အနေအထားရှိသေးလို့ သူတို့မပြန်ရဲသေးဘူး။ ကလေးတွေ တော်တော်များများပါတယ်။” ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ပန်းမလွတ်၊ နန့်ကောင်း၊ ခန်းလုံ စသည့်ကျေးရွာများမှ ဒေသခံတစ်ရာကျော်မှာ နောင်ပိန်အောင်ကျေးရွာရှိ ဓမ္မာရုံတွင် လာရောက်ပြီး စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကာ ၎င်းတို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူက ဆက်လက်ရှင်းပြသည်။

အဆိုပါဒေသတွင် နစကတပ်များနှင့် TNLA တပ်များ လှုပ်ရှားသွားလာလေ့ရှိ ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအများအပြား၌ MNDAA ၊ TNLA နှင့် AA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်း အဖွဲ့က စတင်တိုက်ခိုက်ရာမှ ယနေ့နေ့လည်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသအသီးသီးမှ ဒေသခံအများအပြား နီးစပ်ရာနေရာများသို့ စစ်ဘေးတိမ်းရှောင် လျက်ရှိနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ကျောက်မဲ၌ တိုက်ပွဲကြောင့် ဒေသခံတစ်ရာကျော် စစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.