ရန်ကုန်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ယခုရက်ပိုင်းအတွင်း တစ်နေ့လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိ၍ အခက်အခဲများ ကြုံတွေ့ရကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြောသည်။
ကျောက်မဲမြို့အား မူဆယ်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများမှတဆင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်ကာ၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲကြောင့် တာဝါတိုင်အချို့ ပျက်စီးခဲ့၍ ကျောက်မဲမြို့၌ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိခြင်းဟု သိရသည်။
“ တိုက်ပွဲကြောင့် 33 KV ကြိုးလိုင်းပြတ်လို့တော့ ကြားတယ်။ ဒီ သုံး၊ လေးရက်လောက်ကစပြီး တစ်နေ့ကို လေးနာရီလောက်သာ မီးရတော့တာ။ သူတို့ပြင်နေကြတယ်လို့လည်း သိရတယ်။” ဟု ကျောက်မဲမြို့၌နေထိုင်သူ အမျိုးသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျောက်မဲမြို့၌ ယခုရက်ပိုင်းတွင် နံနက်ပိုင်းအချိန်များတွင်သာ လျှပ်စစ်မီး လေးနာရီခန့်ရရှိပြီး၊ နေ့လည်ပိုင်းနှင့် ညပိုင်းအချိန်များတွင် မီးပြတ်တောက်လျက်ရှိနေ၍ မြို့ခံများအနေ ဖြင့် လူမှုဒုက္ခအခက်အခဲများအား ကြုံတွေ့နေရကြောင်း သိရသည်။
“ အခုက ရေခေတ်၊ မီးခေတ်လို ဖြစ်နေတာလေ။ စားဖို့သောက်ဖို့ ချက်ပြုတ်တာကနေ ဖုန်းအားသွင်းဖို့အထိက ရေနဲ့မီးက အရေးကြီးတယ်။ ထမင်းဟင်းကလည်း အချိန်နဲ့ ချက်ရ တော့ မကျက်တာနဲ့ မနူးမနပ်တွေပါ ဖြစ်ကုန်တာ။ မီးမလာတာ တော်တော်ဒုက္ခရောက်တယ်။” ဟု ကျောက်မဲမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လတ်တလော၌ ကျောက်မဲမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ဒေသခံတစ်ထောင်ဝန်းကျင် စစ်ရှောင်နေရစဉ် လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေ သည့်အတွက် စစ်ရှောင်များလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လာရှောင်နေရတဲ့လူက ထောင်ချီရှိတယ်။ သူတို့လည်း မီးမရတော့ ညပိုင်းဆို အမှောင်ထဲမှာပဲ နေရတယ်။ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်တာပေါ့။” ဟု စစ်ရှောင်များအားကူညီပေးနေသည့် ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
အလားတူ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်း၌ ဓာတ်အားလိုင်း ပြတ်တောက်မှုများကြောင့် လျှပ်စစ်မီး အချိန်အနည်း ငယ်ခန့်သာရရှိ၍ ဒေသခံအများစု အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက်က ရေလီရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပို့လွှတ်ထားသော ရွှေလီ-မန်စံ ၂၃၀ ကေဗီဓာတ်အားလိုင်းသည် အပြစ်ဖြစ်ပေါ်ခဲ့၍ မူဆယ်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့ နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိသဖြင့် သီးခြားဓာတ်အား ပြန်လည်ရရှိရေး လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ရွှေလီ-မန်စံ ၂၃၀ ကေဗီ ဓာတ်အားလိုင်းချို့ယွင်းနေ၍ ရန်ကုန်မြို့၌လည်း လျှပ်စစ်ဓာတ်အားရရှိမှု လျော့နည်းနေကာ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC မှ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စီဂျေ
ပုံစာ- ကျောက်မဲ၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်နေပုံကို ယခုရက်ပိုင်း တွေ့ရစဉ်။
ကျောက်မဲ၌ တစ်နေ့လျှင် လေးနာရီသာ လျှပ်စစ်မီးရ၍ ဒေသခံများ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်