ကျောက်မဲ၌ စစ်ဘေးရှောင်သူ တစ်ထောင်ကျော်အထိ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ စစ်ဘေးရှောင်သူ တစ်ထောင်ကျော်အထိ ရှိလာကာ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ နေရပ်သို့မပြန်နိုင်သေးကြောင်း ဒေသ တွင်းစစ်ဘေးရှောင်များကို ကူညီသူများက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့အထိ ကျောက်မဲမြို့ပေါ် အပါအဝင် ကျေးရွာများတွင် စစ်ရှောင်စခန်း ငါးခုထက်မနည်း ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်သူဦးရေ ထောင်ချီရှိနေခြင်းဟု သိရသည်။

“ စစ်ရှောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတာ။ ရွာတွေဘက်မှာတင် ရှစ်ရာကျော်လောက်ရှိတယ်။ မြို့နဲ့နီးတဲ့ နေရာတွေမှာလည်း လေး၊ ငါးရာလောက်တော့ရှိတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ ဓမ္မာရုံတွင်ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းတွင် အနီးအနားကျေးရွာများမှ လာရောက်ပြီး စစ်ဘေးတိမ်းရှောင်သူ လေးရာကျော်ရှိနေကာ ၎င်းတို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိကြောင်း စစ်ရှောင်များအားကူညီပေးနေသည့် ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူက ပြောသည်။

“ စားဝတ်နေရေး အဓိကလိုအပ်နေတာ။ ကျွန်တော်တို့ စခန်းထဲရောက်လာတာ လေးရာကျော်၊ ပြင်ပကဆိုရင် တစ်ထောင်ကျော်ပြီ။ ကျောက်မဲ၊ နောင်ပိန်ရွာက အောင်ဓမ္မာရုံမှာ စခန်းဖွင့်ထားတာ။ ဘုန်ကြီးကျောင်းတွေမှာလည်း ကိုရင်အပါး တစ်ရာကျော်လောက် စစ်ရှောင်နေရတယ်။ သူတို့အတွက် ဘုန်းကြီးကျောင်းသုံးကျောင်းမှာ နေရာစီစဉ်ပေးထားရ တယ်။” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ပန်းမလွတ်၊ နန့်ကောင်း၊ ခန်းလုံ စသည့်ကျေးရွာ များမှ ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က စစ်ရှောင် အချို့ နေရပ်ပြန်သွားခဲ့သော်လည်း ယမန်နေ့နံနက်ပိုင်းက ဂုတ်တွင်း၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်ပြန်သွားသူများအားလုံး စစ်ရှောင်စခန်းသို့ ပြန်လာခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ စစ်ရှောင်သူများ ယခုထက် ပိုမိုများပြားလာနိုင်သည်ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီနေသူတစ်ဦးက ပြော သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ယနေ့အထိ လားရှိုးမြို့အပါအဝင် ဒေသအသီးသီးတွင် စစ်ရှောင်စခန်း ၃၀ ခုထက်မနည်း ဖွင့်လှစ်ထားပြီး စစ်ဘေးတိမ်းရှောင်သူ နှစ်သောင်းကျော်အထိ ရှိလာကြောင်း ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီသူများထံမှ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

ပုံစာ – ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်များအား တွေ့ရစဉ်

#ယနေ့ခေတ်

ကျောက်မဲ၌ စစ်ဘေးရှောင်သူ တစ်ထောင်ကျော်အထိ ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.