ကျောက်မဲ၌ စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး တစ်လီတာ ၃၅၀၀ ကျပ်အထိရှိနေ

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး တစ်လီတာလျှင် ၃၅၀၀ ကျပ်အထိ ရှိနေကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြောသည်။

ကျောက်မဲမြို့နယ် အနီးတဝိုက်၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေ၍ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် ဆီဆိုင်အများစု ဆိုင်ပိတ်သိမ်းထားကာ ဝယ်ယူ၍မရကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်အချို့နှင့် လမ်းဘေး၌ ရောင်းချသူများထံမှ ဝယ်ယူနေရကာ စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“ ဆိုင်အများစုကတော့ တိုက်ပွဲစဖြစ်ထဲက ပိတ်ထားကြတာ။ လမ်းဘေးဆိုင်တွေမှာပဲ ဝယ်သုံးနေရတယ်။ ဒါတောင် လိုသလောက် ဝယ်လို့မရဘူး။ ဖွင့်ထားတဲ့ ဆိုင်တစ်ချို့က ဆိုင် ကယ်ဆိုရင် နှစ်လီတာ၊ သုံးလီတာလောက်တော့ရောင်းပြီး ကားဆိုရင် နှစ်သောင်း၊ သုံးသောင်းဖိုးလောက်ပဲ ရောင်းပေးနေတယ်။ နေရာအများစုမှာ​တော့ တစ်လီတာကို ၃၅၀၀ ကျပ်လောက်ရှိတယ်” ဟု ကျောက်မဲမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး၊ စျေးနှုန်းမြင့်တက်မှုကြောင့် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်များအား ကူညီပေးနေသည့် ပရဟိတအဖွဲ့များလည်း အခက်အခဲများဖြင့် ကြုံ တွေ့ရကြောင်း သိရသည်။

“ စက်သုံးဆီက ဝယ်ဖို့ခက်ခဲတယ်။ ကျောက်မဲအထိ သွားထည့်ရတာ။ ပရဟိတကားမလို့ တစ်စီးကို သုံးသောင်းဖိုးစီ ထည့်ပေးတယ်။ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။” ဟု ကျောက် မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ ကမ်းလင့်လက် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေပါက စက်သုံးဆီဝယ်ယူ၍ မရတော့မည့် အခြေအနေသို့ ရောက်ရှိလာမည်ကို မြို့ခံများအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ အခုက လမ်းတွေပိတ်ကုန်တော့ ဆီကားတွေလည်း လာလို့မရဘူးပြောတယ်။ တိုက်ပွဲရက်ရှည်ကြာလာရင် ဆီပြတ်လပ်သွားတဲ့အထိဖြစ်နိုင်တယ်။ အခုတောင် လမ်းဘေးဆိုင်တွေ မှာတောင် လိုသလောက်ဝယ်လို့မရဘူး။” ဟု ကျောက်မဲမြိုခံတစ်ဦးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်သော ရည်ညွှန်းစျေးတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ 92 တစ်လီတာ လျှင် ၂၁၄၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၂၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၈၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရည်ညွှန်းစျေးနှုန်းများမှာ လားရှိုးမြို့တွင်သာ ဝယ်ယူ၍ရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အခြားဒေသများတွင်မူ စက်သုံးဆီ တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဝန်းကျင်အထိရှိနေပြီး အချို့ဒေသများတွင် စက်သုံးဆီ ဝယ်ယူ၍ လုံးဝမရကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျီ

ပုံစာ – ကျောက်မဲမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုကို တွေ့ရစဉ်

#ယနေ့ခေတ်

ကျောက်မဲ၌ စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး တစ်လီတာ ၃၅၀၀ ကျပ်အထိရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.