ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပြင်၌ ယမန်နေ့ ညပိုင်းက စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တိုးဂိတ်တစ်ခု၊ စက်သုံးဆီဆိုင်တစ်ဆိုင်နှင့် ကုန်ကားအချို့ မီးလောင်ပျက် စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညပိုင်းက ကျောက်မဲမြို့ပြင်ရှိ Asia World Toll Gate အနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့၍ တိုးဂိတ်အနီးရှိ စက်သုံးဆီဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ပျက် စီးခဲ့ကာ ကုန်ကားသုံးစီးခန့် မီးလောင်ခဲ့ပြီး တိုးဂိတ်မှာ ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ အပြန်အလှန် ပစ်ခတ်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့လို့ တိုးဂိတ်နားက ဓာတ်ဆီဆိုင်က ပြာကျသွားတယ်။ ကုန်ကားနှစ်စီး မီးလောင်ပြီး၊ တစ်စီးက မီးဟပ်သွားတယ်။ တိုးဂိတ်လည်း အနည်းငယ်ပျက်စီးသွားတယ်။ ဒီမနက်အထိလည်း လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ မြို့ပြင်ကို ဘယ်သူမှမသွားရဲဘူး။” ဟု ကျောက်မဲမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ကျောက်မဲမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ကာ ယနေ့နံနက်အထိ ပြင်းထန်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲများ မြို့တွင်းအထိ ရောက်ရှိလာမည်ကို ဒေသခံများအကြား စိုးရိမ်လျက်ရှိနေကာ ယနေ့နံနက်တွင် ကျောက်မဲမြို့ထဲ၌ သွားလာသူနည်းပါးလျက် ရှိနေကြောင်း သိရသည်။
ယခုလအတွင်း ကျောက်မဲမြို့နယ်နှင့် အနီးတဝိုက်၌ နစကတပ်များနှင့် TNLA တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိနေကာ နိုဝင်ဘာ ၁၂ ရက်ကဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ကျင်သီတံတားကျိုးကျပျက်စီးခဲ့ကာ ယနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေး၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – Jao Zang Wan Nouk
ကျောက်မဲမြို့ပြင် တိုက်ပွဲကြောင့် တိုးဂိတ်၊ စက်သုံးဆီဆိုင်နှင့် ကုန်ကားအချို့ မီးလောင်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်