ရန်ကုန်၊ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်ထိမှန်ကာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့က ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့ကလည်း သေဆုံးလေးဦးရှိပါတယ်။ အမျိုးသားနှစ်ဦးနဲ့၊ အမျိုးသမီးနှစ်ဦးပါ။ လက်နက်ကြီးကျည်ထိတာပဲ။ ကျောက်မဲမှာတော့စစ်ရှောင်ကြတာ တစ်မြို့နီးပါလောက်ရှိသွားပြီ။ မနေ့ကလည်း ကိုရင်လေးတွေနဲ့ ဒေသခံအချို့လည်း စစ်ဘေးရှောင်လာရသေးတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျောက်မဲနှင့် နောင်ချိုမြို့တို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသအတွင်း မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာခွင့်ရှိကြောင်း သိရသည်။
“အဲ့အပိုင်းကတော့ ပြည်သူလူထုပေါ့နော်။ ကျွန်တော်တို့တွေကိုတော့ နည်းနည်းလေးအခွင်းရေးပေးထားတာပေါ့နော်။ မနက် ၆၊ ည ၆ ကတော့ ထုတ်ထားပါတယ်။ ဒီနေ့တော့ အ ခြေအနေက နည်းနည်းငြိမ်သွားတယ်။ အသံတွေက ချိုကြား၊ ချိုကြားပဲကြားနေရတော့တယ်။ မနေ့တုန်းကတော့ သီပေါဘက်ပြန်သွားတဲ့ အလားလာတော့ရှိတယ်။ နောင်ချိုဘက်လည်းသွားတဲ့အလားလာရှိတာ တွေ့ရတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းက ယနေ့ခေတ်သို့ ပြောသည်။
ယမန်နေ့ နံနက်ပိုင်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့တွင် တကျော့ပြန်တိုက်ဖြစ်ပေါ်ခြင်းကြောင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်၊ နံနက် ၅ နာရီကျော်ခန့်မှစတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံသောင်းချီကျော်ကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ပရဟိတအသင်းသားတစ်ဦး၏ နေအိမ်အပါအဝင် လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးမှုများရှိကာ၊ သေဆုံးသူဦး ၅၀ နီးပါးရှိလာခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်ထိမှန်ခြင်းကြောင့် လေးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်