ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံ ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် လက်နက်ကြီးကျည်များ ထိမှန်ကာ ဒေသခံ ၁၆ ဦး နေရာတွင်သေးဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA,ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံအမျိုးသား ရှစ်ဦးနှင့်၊ အမျိုးသမီးရှစ်ဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ဆိုရင် သေဆုံးတာစုစုပေါင်း ၁၆ ယောက်ရှိတယ်။ ဒေသခံတွေပဲ။ အမျိုးသားရှစ်ယောက်နဲ့၊ အမျိုးသမီးရှစ်ယောက်တွေ့တယ်။ ဒဏ်ရာရတာ သုံးဦးတော့ရှိတယ်။ ကျွန်တော်တို့ကတော့ သေနတ်သံတွေရပ်သွားရင်တော့ သွားသယ်လိုက်နဲ့လုပ်ရတာပေါ့။ ကြည့်သွားရတာပေါ့။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ ညကလည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်မဲမြို့ရှိ၊ ကျောက်မဲကြီးကျေးရွာ၊ ကျောက်မဲကြီးကျောင်းတိုက်မှ ကိုရင်အပါး ၂၀ သည် စစ်ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။

“မနေ့ညကတော့ လက်နက်လမ်းကြောင်း နည်းနည်းတင်းနေလို့ ဘုန်းကြီးကနေ ညတွင်းချင်းရွှေ့ပြောင်းစေချင်တယ်ဆိုလို့ ကျောက်မဲကြီးကျောင်းတိုက်က ကိုရင်လေး ၁၈ ပါး၊ ဒီနေ့ နှစ်ပါး။ ကန်ပိန်းကျောင်းတိုက်ကို ရွေ့ပြောင်းပို့ဆောင်ပေးတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ကလည်း ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် သုံးရက်အတွင်း ဒေသခံအမျိုးသား ၂၁ ဦးနှင့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည်များထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဖက်တိုက်ပွဲများကြောင့် ကျောက်မဲမြို့တွင် လေးရက်အတွင်း ဒေသခံအယောက် ၄၀ ကျော် လက်နက်ကြီးကျည်များထိမှန်ကာ သေဆုံးသွားခဲ့ကြောင့် သိရသည်။

မန္တလေးတိုင်း၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို၊ ကျောက်မဲနှင့် မတ္တရာမြို့နယ်တို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်နေကာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံ ၁၆ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.