ရန်ကုန်၊ ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် သုံးရက်အတွင်း ဒေသခံ ၂၃ ဦး လက်နက်ကြီးကျည်များထိမှန်ကာ သေးဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ကျောက်မဲမြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်ထန်နေခြင်းကြောင့် သုံးရက်အတွင်း ဒေသခံအမျိုးသား ၂၁ ဦးနှင့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည်များထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“သေဆုံးတာတွေက မိုင်းထိတာထက် သေနတ်မှန်တာများတယ်။ ဒီနေ့နဲ့ဆို စုစုပေါင်း ၂၃ ဦးရှိသွားပြီ။ အမျိုးသမီးနှစ်ဦးပါတာတော့တွေတယ်။ လူတွေကို သေချာခွဲလို့ကမရဘူး။ အ မြန်ကောက်ရတာဆိုတော့။ သူတို့သက်မှတ်ထားတဲ့အချိန်ကို ပြီးအောင်သယ်ရတာလည်းပါတယ်။ ဒဏ်ရာရရှိတဲ့သူက ခြောက်ယောက်လောက်တော့ရှိတယ်။ ပျက်စီးတဲ့အိမ်က ခြောက်လုံးလောက်တော့ရှိပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါနှစ်ဖက်တိုက်ပွဲများကြောင့် ကျောက်မဲမြို့အတွင်းရှိ ဒေသခံစစ်ဘေးရှောင်သူဦးရေ ၃၀၀ ကျော်ခန့် နောင်ပိန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
“စစ်ဘေးရှောင်လာတာ ကျောက်မဲဘက်ကနေ စုစုပေါင်းဆို ၃၀၀ ကျော်လောက်တော့ရှိပြီ။ ဒီနေ့နဲ့ဆိုရင်ပေါ့။ ရှမ်းစာပေယဉ်ကျေးမှုကျောင်းမှာဆို တစ်စုထားတယ်။ အောင်ဓမ္မာရုံကျောင်းတိုက်မှာ တစ်စု။ ပုပ္ပါရုံကျောင်းတိုက်မှာ တစ်စု။ အဲ့လိုတော့ ခွဲထားတယ်။ အခုဆို စားသောက်ကုန်တွေက အခက်ခဲတွေရှိလာတယ်။ အဓိကလိုအပ်နေတာ ဆန်၊ ဆီ၊ ဆား၊ ဆေး အဲ့ဒါတွေကအရေးကြီးတာပေါ့နော်။ ဘယ်ကနေရမလဲတော့ မသိသေးဘူး။ လောလောဆယ်တော့ အဓိက အဲ့တာတွေလိုနေတာပါ။” ဟု စစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကျေးရွာအတွင်းရှိဒေသခံအချို့ လက်နက်ကြီးကျည်ထိမှန်ကာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲနှင့် မတ္တရာမြို့နယ်တို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်နေကာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ကျောက်မဲမြို့တွင် လက်နက်ကြီးကျည်များထိမှန်ကာ ဒေသခံ ၂၃ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်