ရန်ကုန်၊ ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့နေ့လယ်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ ဒေသခံအများစု နေအိမ်များအတွင်း ပုန်းခိုနေရကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ၊ ခရိုင်ထွေအုပ်ရုံး အပါအဝင် အစိုးရရုံးများအား TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်ပြီးနောက် ယမန်နေ့ ညနေပိုင်းမှစ၍ ယနေ့နေ့လယ်အထိ ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်(၈) အပါအဝင် နေရာအချို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ ဒေသခံအများစုမှာ နေအိမ်များအတွင်း အဆင်ပြေသလို ပုန်းခိုနေရကြောင်း သိရသည်။
“လေယာဉ်သံ၊ လက်နက်ကြီးအသံနဲ့ တစ်ခါမှမကြားဖူးတဲ့အသံတွေ အမျိုးမျိုးကြားရတယ်။ တမနက်လုံးလည်း မြို့ပေါ်ကို ခဏခဏလေယာဉ်တွေ လာဝဲနေတာ။ ဒီအချိန်မှာတော့ ဘယ်လိုမှလဲ ထွက်ပြေးလို့မရတော့တာနဲ့ အိမ်သားတွေစုပြီး အိမ်မှာရှိတဲ့စားပွဲခုံအောက် စောင်တွေအပေါ်ကအုပ်ပြီး စားပွဲခုံအောက်ဝင်နေရတယ်။” ဟု ကျောက်မဲမြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တိုက်ပွဲမှာ မြို့ပေါ်အနီး ဖြစ်ပွားနေခြင်းဖြစ်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များအား ထိမှန်မှုများရှိ၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ဗုံးခိုကျင်းတူးဖို့ဆိုတာက ဒီအချိန်မှဆိုတော့ မလွယ်ဘူးလေ။ အိမ်မှာပဲ မီးခိုချောင်နားမှာ သစ်သားတွေနဲ့ကာပြီး ယာယီဗုံးခိုကျင်းလေးလုပ်ထားရတယ်။ တကယ်ထိရင်တော့ ဒါလေးလောက်က မကာကွယ်နိုင်ပေမဲ့ လောလောဆယ် ကိုယ့်စိတ်လုံခြုံအောင် လုပ်ရတာပေါ့။” ဟု ၎င်းကပြောကြားသည်။
နှစ်ဖက်တိုက်ပွဲကြောင့် ယမန်နေ့နှင့်ယနေ့ နှစ်ရက်အတွင်း ကျောက်မဲမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံ ၂၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသတွင်းရှိ ပရဟိတအသင်းထံမှ သိရသည်။
ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ သီပေါမြို့၊ မိုးကုတ်မြို့နယ်တို့တွင် နစကတပ်များနှင့် TNLA, ပူးပေါင်းတပ်များ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး၊ ကျောက်မဲမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ၊ ခရိုင်ထွေအုပ် ရုံးအပါအဝင် အစိုးရရုံးများအား TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်ထားကြောင်း သိရသည်။
လက်ရှိတွင် ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နှင့် ၅၀၂ တို့အား TNLA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေပြီး နစကတပ်များက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ခုခံနေကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသခံများ
ကျောက်မဲတွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံအများစု နေအိမ်အတွင်း ပုန်းခိုနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်