ရန်ကုန်၊ ဇန်နဝါရီ ၁၉
မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို မြန်မာဘက်မှ စတင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါ ရထားလမ်းဖောက်လုပ်ရန်အတွက် တရုတ်ဘက်မှ အဆင်သင့်ဖြစ်နေသော်လည်း မြန်မာဘက်ခြမ်း၌ ဒေသတွင်းမငြိမ်မသက်မှုများကြောင့် စတင်ရန်အခက်အခဲများစွာရှိနေကြောင်း သိရသည်။
“ တရုတ်ဘက်ကတော့ ဒီရထားလမ်းကို ဖောက်လုပ်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေပြီ။ တရုတ်ဘက်ကလည်း လောနေပြီ။ စီမံကိန်းကအကောင်အထည်ဖော်ဖြစ်ရင်တော့ ဒေသခံတွေလည်း အလုပ်အကိုင်ရတာပေါ့။ ဒါပေမယ့် ဒီအခြေအနေနဲ့ ဘယ်လိုသွားလုပ်မလဲ။ တရုတ်ဘက်က ရထားလမ်းကိုလည်းဖောက်ချင်နေပြီ။ ရေနက်ဆိပ်ကမ်းကိုလည်း စတင်ချင်နေပြီ။ မြန်မာဘက်က ဘာမှလုပ်လို့မရသေးဘူး။” ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
တရုတ်-မြန်မာရထားလမ်းသည် နှစ်နိုင်ငံ၏ အရေးကြီးသည့်စီမံကိန်း၊ အရေးပါသော မဟာဗျူဟာမြောက်စီမံကိန်းဖြစ်ပြီး One Belt One Road နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်မှု၏ အရေးပါသော ဖွဲ့စည်းပုံအစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ အဆိုပါ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ကုန်ကျမည်ဟုခန်းမှန်းထားကြောင်း သိရသည်။
ထို့အပြင် နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်အတွင်း မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကိုစတင်သွားရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ကျောက် ဖြူ-မန္တလေး ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ဖြတ်ပြီး မန္တလေးနှင့်ကျောက်ဖြူကို တိုက်ရိုက်ကုန်သွယ်ရန်အ တွက် ဖောက်လုပ်ခြင်းဖြစ်သည်။
အဆိုပါရထားလမ်းစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် နှစ်ဖက်အစိုးရကြား နှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် MOU သက်တမ်းထပ်မတိုးခဲ့သည့်အတွက် ရပ်နားခဲ့သည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ် ၃၃ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်း မြန်မာဘက်မှ စတင်နိုင်ခြင်းမရှိသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်